လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ဓာတုဗေဒပစ္စည်းများ စုဆောင်းထားသည်ဆိုသော စွပ်စွဲချက်ကို စင်ကာပူသံသယရှိသူ ငြင်းဆို

စင်ကာပူနိုင်ငံမှ ထွက်ပြေးလွတ်မြောက်နေသည့် မူးယစ်ဆေးဝါး တရားခံပြေး မစ္စတာ ဂျိုအယ်လ် (Joel, ၄၀ နှစ်) ဆိုသူအား ဘန်ကောက်မြို့၊ ဘန်းခဲ (Bang Khae) ရှိ အဆင့်မြင့် ကွန်ဒိုတစ်ခုတွင် ရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

စင်ကာပူ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့၏ အကူအညီတောင်းခံမှုအရ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) က ၃ လကျော်ကြာ နောက်ယောင်ခံ လိုက်လံပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တက္ကသိုလ်ကျောင်းသား အယောင်ဆောင်၍ ထိုင်းနိုင်ငံအတွင်း ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

တရားခံနှင့် အဆက်အသွယ်ရှိသည့် ဖျော်ဖြေရေးမယ်တစ်ဦး၏ ပြောကြားချက်အရ ဂျိုအယ်လ်သည် မိမိအား အကြမ်းဖက် ခြိမ်းခြောက်ခဲ့သည့်အပြင် ထိုင်းနိုင်ငံအတွင်း လူအများအပြားကို သတ်ဖြတ်ရန် Plan ဆွဲထားကြောင်းနှင့် Dark Web မှတစ်ဆင့် မော်ဖင်းထက် အဆပေါင်း ၁၀,၀၀၀ ပိုမိုပြင်းထန်သည့် အဆိပ်များနှင့် သေဒဏ်ပေးရာတွင် သုံးသည့် ဓာတုပစ္စည်းများ မှာယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

၎င်း၏ ကွန်ဒိုအခန်းအတွင်းမှ အိုက်စ် (Crystal Meth) ၃ ဂရမ်၊ မူးယစ်ဆေးသုံးစွဲသည့် ကိရိယာများ၊ ယမ်းဖောက်ခွဲရေးတွင် သုံးသည့် ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိသော ဓာတုဓာတ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ဖုန်းအတွင်း၌လည်း Dark Web မှ အဆိပ်မှာယူထားသည့် သက်သေများ တွေ့ရှိခဲ့ရသည်။

ဂျိုအယ်လ်က လူအများအပြားကို သတ်ဖြတ်ရန် အစီအစဉ်ရှိသည်ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး စင်ကာပူသို့ ပြန်မသွားချင်ဘဲ ချစ်သူနှင့် အဆင်မပြေ၍ စိတ်ဖိစီးမှုကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်ရန်အတွက်သာ အဆိပ်များကို မှာယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

လက်ရှိတွင် တရားခံအား လှက်ဆောင် (Lak Song) မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး သိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများကို မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်။

Source;Thaiger