ထိုင်းစက်မှုစံချိန်စံညွှန်း အဖွဲ့အစည်း (TISI) နှင့် အထူးတပ်ဖွဲ့တို့ ပူးပေါင်း၍ စမွတ်ပရာကန် (Samut Prakan) ခရိုင်ရှိ အွန်လိုင်း ပစ္စည်းဖြန့်ဖြူးသည့် ဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းစက်မှုစံချိန်စံညွှန်း (TIS) အမှတ်တံဆိပ် မပါရှိသော အီလက်ထရောနစ် ပစ္စည်း ၇,၄၀၀ ကျော် (ကာလတန်ဖိုး ဘတ် ၂.၅ သန်းကျော်) ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
အွန်လိုင်းမှ ဝယ်ယူထားသည့် ပန်ကာများ စံချိန်စံညွှန်း မမှီကြောင်း စားသုံးသူများ၏ တိုင်ကြားချက်အရ ဖရဲခ်စာ (Phraek Sa) မြို့နယ်ရှိ အွန်လိုင်း ပစ္စည်းသိုလှောင်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဂိုဒေါင်ကို Huan Tu အမည်ရှိ တရုတ်ပိုင် ကုမ္ပဏီတစ်ခုက ငှားရမ်း၍ အွန်လိုင်းမှ မှာယူသည့် ပစ္စည်းများကို သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ ဆောင်ရွက်နေခြင်းဖြစ်သည်။
TIS စံချိန်စံညွှန်း တံဆိပ်နှင့် QR Code မပါရှိသော နံရံကပ်ပန်ကာ ၄,၈၁၇ လုံး၊ ထိုင်ပန်ကာ ၁,၆၂၄ လုံး၊ နှိပ်စက် ၅၆၇ ခု၊ ဘက်ထရီ ၃၇၃ ခု၊ လေပူကြော်အိုး (Air-fryer) ၂၄ အိုး အပါအဝင် စုစုပေါင်း ၇,၄၁၁ ခု ကို သိမ်းဆည်းခဲ့သည်။
TISI တာဝန်ရှိသူများက စံချိန်စံညွှန်း မမှီသော အီလက်ထရောနစ် ပစ္စည်းများသည် လျှပ်စစ်ဓာတ်လိုက်ခြင်း၊ ဝါယာရှော့ဖြစ်ခြင်းနှင့် အပူလွန်ကဲ၍ မီးလောင်ခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။စံချိန်စံညွှန်းမမှီသော ပစ္စည်းများ ရောင်းချမှုဖြင့် ထောင်ဒဏ် ၆ လအထိ (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၅၀၀,၀၀၀ အထိ ကျခံရနိုင်သည်။တရားမဝင် တင်သွင်းလာသူများကို ဆက်လက် စုံစမ်းနေပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိနှင့် ဒဏ်ငွေ ဘတ် ၂ သန်းအထိ ကျခံရမည်ဖြစ်သည်။
Source;ThaiPBS
