ထိုင်းနိုင်ငံ၌ ဘတ် ၂.၁ ဘီလီယံကျော် တန်ဖိုးရှိ မူပိုင်ခွင့်မဲ့ အတုအပ ပစ္စည်း ၂ သန်းကျော်အား မီးရှို့ဖျက်ဆီး

ထိုင်းနိုင်ငံ မူပိုင်ခွင့်ဆိုင်ရာ ဌာန (DIP) သည် ယခုနှစ်အတွင်း အမှုအခင်းများ ပြီးပြတ်သွားသည့် မူပိုင်ခွင့် ချိုးဖောက်ထားသော ပစ္စည်းပေါင်း ၂ သန်းကျော် (ဘတ် ၂.၁၄ ဘီလီယံကျော် တန်ဖိုးရှိ) ကို စက်တင်ဘာ ၁၀ ရက် မနေ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်ဗျာ။ အဆိုပါ လုပ်ဆောင်ချက်မှာ အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် IP Work Plan အရ ထိုင်းနိုင်ငံအား Watch List လေ့လာကြည့်ရှုရမည့် စာရင်းမှ ပယ်ဖျက်နိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပိယနွတ် (Dr Piyanuch Wuttisorn) က ဘန်ကောက်မြို့၊ ဒွန်မောင်း (Don Mueang) မြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွင် အခမ်းအနားပြုလုပ်၍ ဦးဆောင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ဖျက်ဆီးသည့် မူပိုင်ခွင့်မဲ့ ပစ္စည်းပေါင်း ၂.၀၈ သန်းကျော် ရှိပြီး ၂၀၂၅ ခုနှစ်ကထက် ၃၆.၄၅ ရာခိုင်နှုန်း ပိုမိုများပြားလာသည်။ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးမှာ ဘတ် ၂.၁၄ ဘီလီယံ ကျော် (၂,၁၄၀ သန်း) ရှိသဖြင့် လွန်ခဲ့သည့်နှစ် ဘတ် ၉၀၀.၉၁ သန်း ထက် ၁၃၈.၁၉ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သည်။

ရဲတပ်ဖွဲ့၊ အကောက်ခွန်ဌာနနှင့် DSI တို့က အွန်လိုင်းနှင့် ပြင်ပဈေးကွက်များမှ သိမ်းဆည်းခဲ့သည့် အဝတ်အထည်၊ လက်ဝတ်ရတနာ၊ နာရီ၊ အိတ်များ၊ အီလက်ထရောနစ် ပစ္စည်းများ၊ မော်တော်ယာဉ် အပိုပစ္စည်းများ၊ ဆေးဝါးများ၊ ကော့စမက်တစ်၊ အစားအသောက်နှင့် အထွေထွေ အိမ်သုံးပစ္စည်းများ ပါဝင်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန်အတွက် အဆိုပါ သက်သေခံ ပစ္စည်းများကို သမုပရာခန် (Samut Prakan) နှင့် အယုဒ္ဓယ (Ayutthaya) ခရိုင်ရှိ ISO 14001:2015 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စံချိန်မီ စက်ရုံကြီးများ၌ စနစ်တကျ မီးရှို့ ဖျက်ဆီးသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် အမေရိကန် ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ်ရုံး (USTR) ၏ 2026 Special 301 Report အရ “Watch List” စာရင်း၌ ပါဝင်နေဆဲဖြစ်ရာ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေစိုးမိုးရေးအတွက် အမေရိကန်နှင့် ပူးပေါင်း၍ ပိုမို တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်။

အများပြည်သူများအနေဖြင့် မူပိုင်ခွင့် ချိုးဖောက်ထားသည့် အတုအပ ပစ္စည်းများ၊ တရားမဝင် ရောင်းချမှုများကို တွေ့ရှိပါက မူပိုင်ခွင့်ဌာန၏ တိုက်ရိုက်ဖုန်း 02-547-4702 သို့မဟုတ် Hot line 1368 သို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါသည်။

Source;The Nation