ထိုင်းနိုင်ငံ၊ Phang Nga ပြည်နယ်ရှိ ကာရာအိုကေဆိုင်တစ်ဆိုင်တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်၍ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်စေခဲ့သည့် ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (ATPD) က လျှို့ဝှက်ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့သည် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အသက် ၃၅ နှစ်အရွယ် ဆိုင်ပိုင်ရှင် မဟထိုက်ကန် (ခ) ဖရက်ရှ် ကို သက်သေခံငွေစင် ၂,၅၀၀ ဘတ်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးခဲ့ပြီး၊ လူကုန်ကူးမှုခံရသူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ‘မြူး’ ကို ကယ်တင်နိုင်ခဲ့သည်။ ဆိုင်အတွင်း ရှာဖွေရာတွင် ဆိုင်ရှင်၏ အရင်းအမြတ်ဖြစ်သော အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ အပါအဝင် ဝန်ထမ်း ၄ ဦးကို တွေ့ရှိခဲ့ရသည်။
‘မြူး’ သည် ဆိုင်ရှင်သမီး၏ သူငယ်ချင်းဖြစ်ပြီး ချင်းမိုင် (Chiang Mai) မှ လာရောက်လည်ပတ်စဉ် ဆိုင်ရှင်က လိင်ဖျော်ဖြေရေးလုပ်ရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။ ဧည့်သည်များနှင့် တစ်ကြိမ်လျှင် ၁,၅၀၀ မှ ၂,၅၀၀ ဘတ် ဖြင့် အိပ်စေခဲ့ပြီး၊ ဆိုင်ရှင်က ပွဲစားခအဖြစ် ၃၀၀ မှ ၅၀၀ ဘတ် ဖြတ်တောက်ယူကာ ၉ ကြိမ်တိုင်တိုင် ခေါင်းပုံဖြတ်ခဲ့သည်။
စစ်ဆေးမေးမြန်းမှုအတွင်း တရားခံဖြစ်သူ ဖရက်ရှ် က ပြစ်မှုအားလုံးကို ဝန်ခံထွက်ဆိုခဲ့သဖြင့် ၎င်းအား လူကုန်ကူးမှုဥပဒေ၊ ကလေးသူငယ်ကာကွယ်ရေးဥပဒေတို့ဖြင့် ပြင်းထန်စွာ အရေးယူရန် တရားစွဲဆိုထားပါတယ်။
Source;Thairath
