တရုတ် အစားအသောက် Influencer Yingying စားပြီး ပြန်အန်သည့် အကျင့်ကြောင့် ပိုတက်စီယမ်ဓာတ် နည်းကာ အသက် ၂၄ နှစ်တွင် ကွယ်လွန်

တရုတ်နိုင်ငံမှ အစားအသောက်များပြားစွာ စားပြ၍ လူမှုကွန်ရက်တွင် လိုက်ဗ်လွှင့် ရောင်းချသည့် အသက် ၂၄ နှစ်အရွယ် အင်ဖလူရင်ဆာ အမျိုးသမီး ချင်းဇီယီ (Chen Ziyi / အွန်လိုင်းအမည် – Yingying) သည် ခန္ဓာကိုယ်အတွင်း ပိုတက်စီယမ် (Potassium) ဓာတ် အလွန်အမင်း နည်းပါးသွားမှုကြောင့် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်ဗျာ။

ဖောလိုးဝါး ၁ သန်းကျော်ရှိသည့် Yingying သည် စက်တင်ဘာ ၄ ရက်တွင် ၎င်း၏ မိဘများက လူမှုကွန်ရက်မှတစ်ဆင့် ကွယ်လွန်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သြဂုတ် ၁၇ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မသေဆုံးမီ သုံးရက်အလို ဆေးရုံကုတင်ပေါ်မှ တင်ခဲ့သည့် ဗီဒီယိုတွင် ၎င်း၏ သွေးတွင်း ပိုတက်စီယမ်ဓာတ် 2.3 mmol/L သို့ ထိခိုက်ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။ (ပုံမှန် ပိုတက်စီယမ်ဓာတ်မှာ 3.5 မှ 5.5 mmol/L ရှိရမည်)

အစားအသောက်များ အများအပြား စားပြရသည့် လိုက်ဗ်စေးလ် (Livestream Sales) ဖိအားများကြောင့် ၎င်းသည် အစားအသောက်များကို အလွန်အမင်း စားသုံးခဲ့ရပြီး၊ ကိုယ်အလေးချိန် မတက်စေရန် စားပြီးတိုင်း အန်ထုတ်သည့်အကျင့် (Self-induced vomiting) ကို ရေရှည် ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ ခန္ဓာကိုယ်အတွင်း ပိုတက်စီယမ်ဓာတ် လျော့နည်းကာ နှလုံးရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

ဆရာဝန်များ၏ ရှင်းပြချက်အရ အစားအသောက် များပြားစွာ စားရုံဖြင့် ပိုတက်စီယမ်ဓာတ် ရုတ်တရက် မလျော့နည်းနိုင်ဘဲ၊ စားပြီးတိုင်း ပြန်အန်ထုတ်ခြင်း သို့မဟုတ် ဝမ်းနှုတ်ဆေးများ အလွန်အမင်း သုံးစွဲခြင်းတို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ ပိုတက်စီယမ်ဓာတ်များ ဆုံးရှုံးကာ နှလုံးခုန်နှုန်း ပုံမမှန်ခြင်းမှတစ်ဆင့် အသက်အန္တရာယ် ထိခိုက်ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစ၍ အစားအသောက် လေလွင့်ပြုန်းတီးမှု တားဆီးရေး ဥပဒေအရ အလွန်အမင်း စားပြသည့် ဗီဒီယိုများကို ပိတ်ပင်ထားသော်လည်း၊ ပရောဒက် စမ်းသပ်သည့်ပုံစံဖြင့် လှည့်ပတ်ကာ အစားအသောက် လိုက်ဗ်လွှင့်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Source;Khaosod