စက်တင်ဘာ ၂၂ ညနေပိုင်းတွင် ထိုင်း၌ သောကြာဂြိုဟ်၏ အလင်းလက်ဆုံး ဖြစ်စဉ်ကို ကြည့်ရှုနိုင်မည်

ထိုင်းနိုင်ငံ အမျိုးသား အာကာသနှင့် နက္ခတ္တဗေဒ သုတေသန အဖွဲ့ (NARIT) မှ လာမည့် စက်တင်ဘာ ၂၂ ရက် (အင်္ဂါနေ့) ညနေပိုင်းတွင် သောကြာဂြိုဟ် (Venus) ၏ တောက်ပမှု အမြင့်ဆုံး ဖြစ်ပေါ်မည့် “The Greatest Brilliancy” ဖြစ်စဉ်အား အနောက်ဘက် ကောင်းကင်ယံ၌ သာမန်မျက်စိဖြင့် ထင်ရှားစွာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပြည်သူများအား ဖိတ်ခေါ်ထားပါတယ်ဗျာ။

စက်တင်ဘာ ၂၂ ရက်နေ့ နေဝင်ချိန်မှစ၍ ည ၇:၄၀ နာရီခန့်အထိ အနောက်ဘက် ကောင်းကင်ယံ၌ သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိုးလေဝသ သာယာပါက ထိုင်းနိုင်ငံ တစ်ဝန်းလုံးမှ မြင်တွေ့ရမည်ဖြစ်သည်။

အဆိုပါနေ့တွင် သောကြာဂြိုဟ်၏ တောက်ပမှု ပမာဏ (Apparent Magnitude) မှာ -4.6 အထိ ရောက်ရှိမည်ဖြစ်ရာ ပုံမှန်ထက် ထူးခြားစွာ လင်းလက်နေမည်ဖြစ်သည်။ ၎င်း၏ အောက်နားတွင် စပိုင်ကာ (Spica) ကြယ်နှင့် ဗုဒ္ဓဟူးဂြိုဟ် (Mercury) တို့ကိုပါ ပူးတွဲ မြင်တွေ့ရနိုင်သည်။

နက္ခတ်ကြည့် မှန်ပြောင်းဖြင့် ကြည့်ပါက သောကြာဂြိုဟ်ကို လခြမ်းပုံသဏ္ဌာန် (Crescent Phase) အဖြစ် ထင်ရှားစွာ မြင်တွေ့ရမည် ဖြစ်သည်။

သောကြာဂြိုဟ်၏ လခြမ်းပုံသဏ္ဌာန် ဧရိယာ ကြီးမားနေပြီး ကမ္ဘာနှင့် သင့်တော်သော အကွာအဝေးသို့ ရောက်ရှိလာသည့်အခါ ယခုကဲ့သို့ အလင်းလက်ဆုံး အခြေအနေသို့ ရောက်ရှိခြင်းဖြစ်သည်။

သောကြာဂြိုဟ်သည် နေနှင့် နီးကပ်စွာ လှည့်ပတ်နေသဖြင့် ညလယ်ခေါင်တွင် မမြင်ရဘဲ နေမထွက်မီ သို့မဟုတ် နေဝင်ပြီးစအချိန်၌သာ မြင်တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ညနေပိုင်း အနောက်ဘက်၌ မြင်ရပါက “Evening Star” (ညနေကြယ်) ဟုလည်းကောင်း၊ နံနက်ပိုင်း အရှေ့ဘက်၌ မြင်ရပါက “Morning Star” (မိုးသောက်ကြယ်) ဟုလည်းကောင်း ခေါ်ဆိုကြသည်။

အဆိုပါ ဖြစ်စဉ်သည် ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် လာမည့် နိုဝင်ဘာ ၂၇ ရက် (သောကြာနေ့) နံနက် ၃:၄၀ နာရီမှ နေမထွက်မီအချိန်အထိ အရှေ့ဘက် ကောင်းကင်ယံ၌ ထပ်မံ ဖြစ်ပေါ်မည်ဖြစ်သည်။

Source;The Nation