ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၊ သလန်း (Thalang) မြို့နယ်ရှိ ညဘက် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ကျ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခံရသူများထံမှ ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကြေးတောင်းခံ (ငွေညှစ်) ခဲ့သည်ဆိုသည့် စွပ်စွဲချက်များပေါ်ထွက်လာပြီးနောက် ဒုတိယ ပြည်ထဲရေးဝန်ကြီးက အရေးပေါ် စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်လိုက်ပါတယ်ဗျာ။
ဖူးခက် လွှတ်တော်အမတ် ချလမ်ဖုန်း (Chalermpong Saengdee) ထံသို့ သလန်းမြို့နယ်၊ ဘန်းဂျို (Bang Jo) ဧရိယာရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တစ်ခုမှ ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်ကြားစာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရေးဂိတ်အား သလန်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တန်းပြည့်စတန့်တပ်ဖွဲ့ (Or Sor) မှ အနက်ရောင် ဝတ်စုံဝတ်ထားသည့် တပ်ဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရေးဂိတ်တွင် ထိန်းသိမ်းခံရသူများကို သလန်းမြို့နယ် အုပ်ချုပ်ရေးရုံး နောက်ဘက်ရှိ အဆောက်အအုံ အတွင်းရှိ အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး လွတ်မြောက်ရေးအတွက် တစ်ဦးလျှင် ဘတ် ၆,၀၀၀ မှ ၁၅,၀၀၀ အထိ သားငါးဈေးဆစ်၍ တောင်းခံခဲ့ကြောင်း သိရသည်။ ငွေသား (Cash) တစ်မျိုးတည်းကိုသာ လက်ခံပြီး သေတ္တာအတွင်း ထည့်သွင်းသိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
မူးယစ်ဆေးဝါး စစ်ဆေးတွေ့ရှိသူ တစ်ဦးထံမှ ဘတ် ၁၅,၀၀၀ တောင်းခံခဲ့ပြီး ဘတ် ၁၂,၀၀၀ သို့ လျှော့ချပေးခဲ့သည်။ သို့သော် အဆိုပါ ပုဂ္ဂိုလ်မှာ နောက်ပိုင်းတွင် တရားရုံးတော်၌ တရားဝင် ဒဏ်ကြေး ဘတ် ၂,၀၀၀ သာ ပေးဆောင်ခဲ့ရသဖြင့် ကျန်ငွေများမှာ တရားဝင် ဒဏ်ကြေးမဟုတ်ဘဲ မသမာသော နည်းလမ်းဖြင့် ငွေညှစ်ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ်က ထောက်ပြထားသည်။
ဒုတိယ ပြည်ထဲရေးဝန်ကြီး ဝိရစစ် (Worasit Liangprasit) က ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန (DOPA) နှင့် ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူး ချို့သနရင် (Chotinarin Kerdsom) တို့အား ဖြစ်စဉ် အမှန်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ အစီရင်ခံစာ တင်ပြရန် အမိန့်ပေးခဲ့သည်။
သလန်းမြို့နယ်က ဖြစ်စဉ် အမှန်ကို စုံစမ်းရန် ကော်မတီဖွဲ့စည်းခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပို့ရမည် ဖြစ်သည်။
အဆိုပါ အမှုတစ်ခုတည်း မဟုတ်ဘဲ ဖူးခက်ခရိုင်အတွင်း အလားတူ စစ်ဆေးရေးဂိတ်များတွင် ငွေညှစ်သည့် အလေ့အထများ ရှိမရှိပါ ပေါင်းစပ် စစ်ဆေးသွားမည် ဖြစ်သည်။
ဒုတိယ ဝန်ကြီးက မည်သည့် ရာထူးအဆင့်ရှိသူမဆို အပြစ်ရှိကြောင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အပြစ်မရှိပါကလည်း တာဝန်ထမ်းဆောင်သူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် သတင်းထုတ်ပြန်ပေးမည်ဟု ပြောကြားခဲ့သည်။
Source;Thaiger
