ထိုင်းအစိုးရက နိုင်ငံသားပြုခွင့် ဥပဒေပါ ဟာကွက်များ ပိတ်သိမ်းရန် ၁၉၆၅ ဥပဒေအား ပြင်ဆင်မည်၊ လွန်ခဲ့သော ၁ နှစ်အတွင်း ပေးခဲ့သည့် နိုင်ငံသားများပါ ပြန်စစ်မည်

ထိုင်းနိုင်ငံသား ခံယူခွင့်ဆိုင်ရာ ဥပဒေပါ ဟာကွက်များကို အလွဲသုံးစားလုပ်၍ တရားမဝင် နိုင်ငံသားပြုခွင့် လျှောက်ထားမှုများနှင့် ထိုင်းနိုင်ငံသား အမည်ပေါက် (Nominee) ကွန်ရက်များကို နှိမ်နင်းရန် ၁၉၆၅ နိုင်ငံသားဖြစ်မှု ဥပဒေအား ပြင်ဆင်ရန် အစိုးရက ပြင်ဆင်နေပြီး၊ လွန်ခဲ့သည့် ၁ နှစ်အတွင်း ပေးအပ်ခဲ့သော နိုင်ငံသားခွင့်ပြုမိန့်များကိုလည်း ပြန်လည်စစ်ဆေးလျက်ရှိသည်။

တရားမဝင် ထိုင်းနိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသားများ၊ ထိုင်းအမည်ခံ၍ ကုမ္ပဏီထောင်ခြင်းနှင့် အထောက်အထားအတု ပြုလုပ်ခြင်းများကို ဖော်ထုတ်ရရှိပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်းအဖွဲ့က နိုင်ငံသားပေးခဲ့သည့် အမှုတွဲများကို ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်။

တရုတ်ကျားဖြန့် (Online Scam) သံသယရှိသူများ၏ ငွေကြေးခဝါချမှုများကို စုံစမ်းရာမှ ထိုင်းအမျိုးသမီးများနှင့် တရားမဝင် ထိမ်းမြားလက်ထပ်ကာ မွေးဖွားလာသည့် ကလေးများအား နိုင်ငံသားရရှိစေရန် ဆောင်ရွက်ပေးခဲ့သည့် ကွန်ရက်များကို ဖော်ထုတ်နိုင်ခဲ့သည်။

ပုဂ္ဂလိက ဆေးရုံ ၄၀၀ ထက်မကအား မွေးစာရင်း ထုတ်ပေးသည့် လုပ်ငန်းစဉ်များ တင်းကြပ်ရန် ညွှန်ကြားထားပြီး၊ ဖခင်အရင်း ဟုတ်/မဟုတ် သံသယရှိပါက DNA စစ်ဆေးမှုများ ပြုလုပ်ရန် အကြောင်းကြားထားသည်။

အစိုးရအနေဖြင့် စိစစ်တွေ့ရှိချက်များပေါ် မူတည်၍ နိုင်ငံသားဖြစ်မှု ဥပဒေအား ပြင်ဆင်ရေးဆွဲကာ ထိုင်းနိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်သွားမည်ဟု ဆိုပါသည်။

Source;Bangkok Post