ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင် (Chiang Mai) မြို့ပေါ်ရှိ လုံခြုံရေး အထူးတင်းကြပ်ထားသည့် တရားမဝင် လောင်းကစားရုံကြီး ၂ ခုအား စက်တင်ဘာ ၁၈ ရက် (သောကြာနေ့) ညပိုင်းတွင် အထူးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ လောင်းကစားသူ ၁၀၀ ကျော်နှင့် ငွေကြေး/ဒင်္ဂါးပြား ဘတ် ၂ သန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်ဗျာ။
ပြည်သူများ၏ တိုင်ကြားချက်များအရ စက်တင်ဘာ ၁၈ ရက် ည ၈ နာရီခန့်တွင် ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန (DOPA) ၏ အထူးတပ်ဖွဲ့များက နေရာ ၂ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ပထမနေရာ (Phattharawan ဒိုင်): မောင်း (Muang) မြို့နယ်၊ ချန်းဖျူး (Chang Phueak) ရပ်ကွက်၊ “Phattharawan Place” ၏ ပထမထပ်တွင် တည်ရှိသည်။ အဆောက်အအုံကို ခန်းမကျယ်ကြီးအဖြစ် ပြုပြင်ထားပြီး အန်စာတုံး (Hi-Lo)၊ ငါးပစ်ဂိမ်းနှင့် ဘာကာရက် (Baccarat) ကစားနည်းမျိုးစုံ ဖွင့်လှစ်ထားသည်။
ဒုတိယနေရာ (Sri Ping Muang ဒိုင်): ဟိုင်ယာ (Haiya) ရပ်ကွက်ရှိ Kad Wiang Ping စားသောက်ကုန်စင်တာအတွင်း တည်ရှိသည်။ အဝင်/အထွက် တံခါး ၁ ပေါက်တည်းသာ ထားရှိပြီး ဝင်ရောက်သူများ၏ မိုဘိုင်းဖုန်းများကို တံခါးဝတွင် သိမ်းဆည်းသည့် လုံခြုံရေးစနစ် ကျင့်သုံးထားသည်။ ထို့ပြင် သတ္တဝါပုံစံ ရိုးရာ အန်စာတုံးဂိမ်း (Nam Tao Pu Pla) များကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားကြောင်း သိရသည်။
လောင်းကစားပြုလုပ်သူ ၁၀၀ ကျော်၊ လောင်းကစားရုံ ဦးစီးဦးဆောင် ပြုလုပ်သူ ၁၄ ဦး (ယင်းအနက် ၈ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်) နှင့် ကူညီဆောင်ရွက်ပေးသူ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
စုစုပေါင်း ကာလတန်ဖိုး ဘတ် ၂ သန်းကျော်တန်ဖိုးရှိ ငွေသားနှင့် လောင်းကစားဒင်္ဂါးပြား (Chips) များ၊ လောင်းကစားကိရိယာများ၊ ငွေကြေးစာရင်းမှတ်တမ်းများနှင့် အဆောက်အအုံ ငှားရမ်းခ စာချုပ်များကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများအားလုံးကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် တာဝန်ရှိ စုံစမ်းစစ်ဆေးရေး အရာရှိများထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
Source;Bangkok Post
