ထိုင်းတောင်ပိုင်းတွင် အကြမ်းဖက်မှု ၂ ခု ဆက်တိုက်ဖြစ်ပွား- ယာလာ-ဗီတုံ လမ်းမကြီးပေါ်တွင် ၁၀ ဘီးကား မီးရှို့ခံရပြီး ပတ္တနီတွင် ကာကွယ်ရေးစေတနာ့ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ခရိုင်များဖြစ်သည့် ယာလာ (Yala) နှင့် ပတ္တနီ (Pattani) တို့တွင် သောကြာနေ့ညနှင့် စနေနေ့နံနက်ပိုင်းတို့၌ အကြမ်းဖက်မှု နှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတွင်း စစ်ဆေးမှုများနှင့် ဘေးကင်းလုံခြုံရေး အစီအမံများကို အရှိန်မြှင့် တင်းကျပ်ထားပါတယ်။

ဇွန်လ ၂၆ ရက် (သောကြာနေ့) ည ၁၁:၁၀ ဝန်းကျင်က ယာလာခရိုင်၊ ဘန်နန်စတာမြို့နယ် (Bannang Sata) ရှိ အဝေးပြေးလမ်းမကြီး အမှတ် ၄၁၀ ပေါ်တွင် Betong-Sanyajai ကုမ္ပဏီပိုင် ၁၀ ဘီးကုန်တင်ကားကြီးတစ်စင်းကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။

ကားကြီးတစ်စင်းလုံး အပြင်းအထန် မီးလောင်ပျက်စီးသွားခဲ့ပြီး အဓိက သွားလာရေးလမ်းကြောင်းဖြစ်သည့် ယာလာ-ဗီတုံ (Yala-Betong) လမ်းပိုင်း တွင် သွားလာရေး ပြတ်တောက်ကာ ထိခိုက်ခဲ့ရသည်။ ယခုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ မရှိခဲ့ပေ။

ဇွန်လ ၂၇ ရက် (စနေနေ့၊ ယနေ့) နံနက် ၇:၃၀ ဝန်းကျင်တွင် ပတ္တနီခရိုင်၊ ယာရန်းမြို့နယ် (Yarang) ရှိ အရပ်စောင့်/ကာကွယ်ရေး စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် (Volunteer Defence Corps) ဖြစ်သူ အဗ္ဗဒူလာ ယာမာ (Abdulloh Yama) သည် ကလေးကို ဘာသာရေးစာသင်ကျောင်း (Tadika School) သို့ ပို့ဆောင်ပြီးအပြန် ရွာလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို ဝိုင်းရံပိတ်ဆို့ကာ သက်သေအထောက်အထားများ စုဆောင်းလျက်ရှိပြီး တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။

Source;The Nation

#Mingalarnews #ThailandSouthernUnrest2026 #YalaBetong #PattaniAttack #BannangSata