ဘန်ကောက်မြို့၊ တာအိုပွန်း (Tao Poon) MRT ဘူတာအနီးရှိ Blue Line ရထားလမ်းကြောင်းပေါ်တွင် စက်တင်ဘာ ၂၀ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် Blue Line နှင့် Purple Line အကြား ချိတ်ဆက်ပြေးဆွဲမှုများ ယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်ဗျာ။
မွန်းလွဲ ၁၂:၃၀ နာရီခန့်တွင် တာအိုပွန်းဘူတာရှိ အမှတ် BL-PW18L လျှပ်စစ်မီးဆုံ လမ်းခွဲအနီး၌ မီးခိုးများနှင့် မီးတောက်များ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းချုပ်နိုင်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။ သို့သော် ရထားလမ်းအောက်၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီးပေါ်သို့ မီးပွားများ လဲကျခဲ့သဖြင့် အနည်းငယ် ပျက်စီးသွားခဲ့သည်။
ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆိုပါအပိုင်းရှိ လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ခဲ့ပြီး တာအိုပွန်းဘူတာ၌ Blue Line ရထားပြေးဆွဲမှုကို ယာယီဆိုင်းငံ့ခဲ့သည်။
မီးရထားဓာတ်အားပေး ကေဘယ်ကြိုး (Power Cable) ပျက်စီးသွားသည်ကို တွေ့ရှိရပြီး လျှပ်စစ်မီးပွားထွက်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖျင်း သိရသည်။ မိုးရာသီ စိုထိုင်းဆကြောင့် ဖြစ်ပွားခြင်း ဟုတ်/မဟုတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
Purple Line ကို ပုံမှန်အတိုင်း ပြေးဆွဲပေးထားသော်လည်း တာအိုပွန်းတွင် Blue Line နှင့် တိုက်ရိုက်မချိတ်ဆက်နိုင်သေးသဖြင့် တာအိုပွန်း (Tao Poon) နှင့် ဘန်ဖလတ် (Bang Phlat) ဘူတာများအကြား အခမဲ့ ကြိုပို့ဘတ်စ်ကားများ စီစဉ်ပေးထားသည်။
တနင်္လာနေ့နံနက်တွင် Blue Line ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
Source;Khaosod
