ကျောက်ဖရား ရေကာတာမှ ရေလွှတ်နှုန်း မြှင့်တင်မည်ဖြစ်၍ ဘန်ကောက်အပါအဝင် ခရိုင် ၁၁ ခုအား ရေဘေးသတိပေး

ထိုင်းနိုင်ငံ ဆည်မြောင်းဦးစီးဌာန (RID) သည် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် အခြေအနေကြောင့် ကျောက်ဖရား ရေကာတာ (Chao Phraya Dam) မှ ရေလွှတ်နှုန်းကို တစ်စက္ကန့်လျှင် ကုဗမီတာ ၁,၅၀၀ မှ ၂,၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်သဖြင့် ဘန်ကောက်မြို့အပါအဝင် မြစ်ဝှမ်းဒေသ ခရိုင် ၁၁ ခုအား အရေးပေါ် ရေဘေးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဗျာ။

ထိုင်းမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ကျရေဆင်းမှုများ ဖြစ်ပေါ်နိုင်သည်။

နခွန်စဝမ် (Nakhon Sawan) မြို့နယ်အတွင်း ကျောက်ဖရားမြစ်စီးကြောင်းသည် လာမည့် ၁ ရက်မှ ၉ ရက်အတွင်း တစ်စက္ကန့်လျှင် ကုဗမီတာ ၁,၈၀၀ နီးပါးအထိ စီးဝင်လာမည်ဖြစ်ပြီး၊ အခြားမြစ်လက်တက်များမှ စီးဝင်ရေပါပေါင်းပါက ရေကာတာအထက်ပိုင်းတွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂,၁၀၀ မှ ၂,၂၀၀ အထိ စီးဝင်လာမည်ဖြစ်သည်။

ဆည်မြောင်းဌာနအနေဖြင့် ကျောက်ဖရားမြစ်၏ ဘေးနှစ်ဖက်ရှိ ဆည်မြောင်းစနစ်များအတွင်းသို့ ရေများကို တစ်စက္ကန့်လျှင် ၄၀၀ မှ ၄၅၀ ကုဗမီတာနှုန်းဖြင့် ခွဲဝေစီးဆင်းစေလျက်ရှိသည်။

ရေကာတာမှ ရေလွှတ်နှုန်း မြှင့်တင်လိုက်ပါက တာတမံပြင်ပရှိ နိမ့်ပါးသော ဒေသများတွင် ရေအမှတ်သည် ၀.၇၀ မီတာမှ ၁.၇၀ မီတာ (၂ ပေကျော်မှ ၅ ပေခွဲခန့်) အထိ မြင့်တက်လာနိုင်သည်။

အယုဒ္ဓယ ခရိုင် (Phra Nakhon Si Ayutthaya): သေနာ (Sena)၊ ဖက်ဟိုင် (Phak Hai)၊ ဘန်းဘန် (Bang Ban)၊ အယုဒ္ဓယမြို့နယ်၊ ဘန်းပါအင်း (Bang Pa-in) နှင့် ဘန်းဆိုင်း (Bang Sai) မြို့နယ်များ။

အန်းသောင် ခရိုင် (Ang Thong): ဝိဆက်ချိုင်ချန် (Wiset Chai Chan) နှင့် ပါမော့ခ် (Pa Mok) မြို့နယ်များ။

သတိပေးချက် ထုတ်ပြန်ထားသည့် ခရိုင် ၁၁ ခု:

1.ဥဒယဌာနီ (Uthai Thani)

2.ခြိုင်နဒ် (Chai Nat)

3.စိင်ပူရီ (Sing Buri)

4.အန်းသောင် (Ang Thong)

5.အယုဒ္ဓယ (Phra Nakhon Si Ayutthaya)

6.သုဖန်ပူရီ (Suphan Buri)

7.လော့ပူရီ (Lop Buri)

8.ပထုံဌာနီ (Pathum Thani)

9.နွန်သဘူရီ (Nonthaburi)

10.စမွတ်ပရာကန် (Samut Prakan)

11.ဘန်ကောက် (Bangkok)

ဆည်မြောင်းဦးစီးဌာနသည် ကျောက်ဖရားမြစ်နှင့် နွိုင်မြစ် (Noi River) ဘေးဝဲယာရှိ သက်ဆိုင်ရာ ဌာနများနှင့် ဒေသခံပြည်သူများအား ရေအခြေအနေကို အနီးကပ် စောင့်ကြည့်ရန်နှင့် ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။

Source;The Nation