ထိုင်းအမျိုးသမီး ကြက်တောင်ကစားသမား Pitchamon ၏ ယာယီ ပွဲပယ်ပြစ်ဒဏ်အပြီးတွင် Furosemide ဆေးဝါးအပေါ် အာရုံစိုက်မှုများ ရှိလာ

 ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၌ ကျင်းပနေသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ထိုင်းနိုင်ငံ၏ နာမည်ကြီး အမျိုးသမီး ကြက်တောင်ကစားသမား Pitchamon Opatniputh ၏ ခန္ဓာကိုယ်နမူနာအတွင်း တားမြစ်ဆေးဝါးဖြစ်သော Furosemide ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးအေဂျင်စီ (ITA) က ၎င်းအား ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ယာယီဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်က ပြိုင်ပွဲပြင်ပ၌ စစ်ဆေးခဲ့သော နမူနာတွင် ဆီးသွားစေသည့် ဆေးဝါး (Diuretic) တစ်မျိုးဖြစ်သော Furosemide ပါဝင်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယခုဆိုင်းငံ့မှုသည် အပြီးသတ် အမိန့်ချမှတ်ခြင်း မဟုတ်သေးဘဲ အဆိုပါဆေးဝါး ခန္ဓာကိုယ်တွင်းသို့ မည်သို့ရောက်ရှိလာသည်ကို ဆက်လက်စုံစမ်း စစ်ဆေးသွားမည် ဖြစ်သည်။ ကစားသမားအနေဖြင့် B-sample ကို ထပ်မံစစ်ဆေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

Furosemide သည် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို လျင်မြန်စွာ ကျဆင်းစေသည့်အပြင် အခြားတားမြစ်ဆေးဝါးများကိုလည်း ဖုံးကွယ် (Masking Agent) ပေးနိုင်သဖြင့် ကမ္ဘာ့ဆေးစစ် ကော်မတီ (WADA) က ပြိုင်ပွဲတွင်း/ပြင်ပ မည်သည့်အချိန်တွင်မဆို သုံးစွဲခွင့် တားမြစ်ထားခြင်းဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် “ပင့်ခ်” (Pink) ဟု လူသိများသည့် Pitchamon Opatniputh သည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဂျူနီယာ အဆင့် (၁) ဖြစ်ခဲ့ဖူးပြီး လက်ရှိတွင် ကမ္ဘာ့အမျိုးသမီး တစ်ဦးချင်း အဆင့် (၁၈) တွင် ရပ်တည်နေသည့် ထိုင်းနိုင်ငံ၏ အဓိက မျှော်လင့်ချက် လက်ရွေးစင်တစ်ဦး ဖြစ်သည်။

Source;The Nation