ထိုင်းတစ်နိုင်ငံလုံး ရေကြီးနိုင်သည့် အနီရောင်အဆင့် ဧရိယာများကို GISTDA ဂြိုဟ်တုစနစ်မှ သတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံ မြေပြင်အချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (GISTDA) သည် နိုင်ငံတစ်ဝန်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနိုင်ခြေ အလွန်မြင့်မားသည့် ဧရိယာများကို ဂြိုဟ်တုဓာတ်ပုံများနှင့် “Check Nam” အပလီကေးရှင်းမှတစ်ဆင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဂြိုဟ်တုဓာတ်ပုံများအရ ထိုင်းနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းအောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံနိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့် (Red Zone) သတိပေးချက်များကို အကျယ်အဝန်းအလိုက် တွေ့ရှိရသည်။

-အလယ်ပိုင်းနှင့် မြောက်ပိုင်းအောက်ပိုင်း ခရိုင်များ: နခွန်စဝမ် (Nakhon Sawan)၊ ဖိချစ် (Phichit)၊ ဖက်ချဘွန် (Phetchabun)၊ လော့ဘူရီ (Lop Buri)၊ သရာဘူရီ (Saraburi)၊ သုဖန်းဘူရီ (Suphan Buri) တို့အပြင် တောင်ဘက်ရှိ ပထုံဌာနီ (Pathum Thani)၊ နွန်သဘူရီ (Nonthaburi) နှင့် ဘန်ကောက်မြို့ အချို့ဧရိယာများအထိ ပါဝင်သည်။

-အရှေ့မြောက်ပိုင်းအောက်ပိုင်း (အီဆန်ဒေသ): မြစ်ဝှမ်းတစ်လျှောက်ရှိ သုရင် (Surin)၊ သီဆခက် (Si Sa Ket)၊ ဘူရီရမ် (Buri Ram) နှင့် ရွိုင်အက် (Roi Et) ခရိုင်များတွင် ရေကြီးရေလျှံနိုင်ခြေ မြင့်မားနေပြီး မြစ်ချောင်းအနီး ရေနိမ့်ပိုင်းများနှင့် စိုက်ပျိုးရေးမြေများအတွင်းသို့ ရေများ စီးဝင်နေပြီဖြစ်သည်။

ဂြိုဟ်တုအချက်အလက်များအရ ပင်မလမ်းမကြီးအချို့တွင် ရေကြီးရေလျှံနေသည့် သတိပေးချက်များကို တွေ့ရှိရသည်။

GISTDA ၏ အချက်အလက်များကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ပါးသက်သာရေး ဦးစီးဌာန (DDPM) နှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံ ပေးပို့ကာ ရေလမ်းကြောင်း ထိန်းချုပ်ရန်၊ ရေစုပ်ထုတ်ရန်နှင့် ကူညီကယ်ဆယ်ရေးများ ပြင်ဆင်ရန် စီစဉ်လျက်ရှိသည်။

GISTDA က အနီရောင်အဆင့် ရောက်ရှိနေသည့် ဧရိယာများနှင့် မြစ်ချောင်းအနီး နိမ့်ပါးသော နေရာများတွင် နေထိုင်သည့် ပြည်သူများအား အောက်ပါအတိုင်း သတိပေးထားသည်။

၁။ ရေထွက်ပေါက်နှင့် မိုးလေဝသ သတင်းများကို အနီးကပ် စောင့်ကြည့်ရန်။

၂။ ရေကြီးနေသည့် လမ်းမများကို ဖြတ်သန်းသွားလာခြင်း မပြုရန်။

၃။ တန်ဖိုးကြီးပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ယာဉ်များကို ဘေးကင်းရာ ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်။

Source;The Nation