ထိုင်းဝန်ကြီးချုပ် အနုတင် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အင်ဒိုနီးရှားသို့ သွားရောက်

ဂျာကာတာ၊ ဩဂုတ် ၃ (၂၀၂၆) – ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကွန်း (Anutin Charnvirakul) သည် ထိပ်တန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဦးဆောင်၍ အင်ဒိုနီးရှားနိုင်ငံသို့ ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိပါတယ်ဗျာ။ ယခုခရီးစဉ်သည် ၁၅ နှစ်အတွင်း ထိုင်းဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးအကြိမ် အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ် ဖြစ်ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် သမိုင်းဝင် ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှား သမ္မတ ပြာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသည့် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် သမ္မတအိမ်တော်၌ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း (Strategic Partnership Action Plan 2026-2030) နှင့် ပညာရေးဆိုင်ရာ MoU တို့ကို တရားဝင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရန် ဘန်ကောက်-ဂျာကာတာ၊ ဖူးခက်-ဘာလီ တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ရန် သဘောတူခဲ့ကြပါတယ်။
ဒုတိယနေ့ (ဩဂုတ် ၄) တွင် နှစ်နိုင်ငံ စီးပွားရေးဖိုရမ်ကို တက်ရောက်၍ စီးပွားရေးဆိုင်ရာ MoU ၄ ခု ထပ်မံ လက်မှတ်ရေးထိုးမည်ဖြစ်သည်။ ထို့နောက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ သွားရောက်ကာ အာဆီယံဆိုင်ရာ မျှော်မှန်းချက် (Vision for ASEAN) မိန့်ခွန်း ပြောကြားမည် ဖြစ်ပါတယ်။

Source;ThaiPBSWorld