ထိုင်းနိုင်ငံ၊ စမွတ်ပရာခန် (Samut Prakan) ခရိုင်၊ ဘာန်းဖလိယိုင် (Bang Phli Yai) ရှိ ရေကြီးနေသော အိမ်ရာဝင်းတစ်ခုအတွင်း ရေမြုပ်နေသည့် ကားအား မတင်ရန် ငှားရမ်းခဲ့သည့် ကရိန်းစက်ခေါင်းသည် ဝါယာကြိုးအား ငြိမိရာမှ ကရိန်းမောင်းသူနှင့် ၎င်းအား ဝင်ရောက်ကူညီခဲ့သည့် အိမ်ရှင်အမျိုးသားတို့ ဓာတ်လိုက်ကာ ၂ ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၇ ရက် နံနက် ၁:၂၀ နာရီခန့်တွင် ဘာန်းဖလိယိုင်ရှိ Java Bay အိမ်ရာဝင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဧရိယာတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ၁.၂ မီတာကျော်အထိ ရေကြီးရေလျှံနေခဲ့သည်။
အသက် ၄၀ အရွယ် အိမ်ရှင် သနခရစ် (Thanakrit Chimpalee) သည် ၎င်း၏ ရေမြုပ်နေသော ဆီဒန်ကားအား ဘေးကင်းရာသို့ မတင်ရန် ၆ ဘီးပါ ကရိန်းကားတစ်စီး ငှားရမ်းခဲ့သည်။ ကရိန်းမောင်းသူ အသက် ၃၁ နှစ်အရွယ် သိသီဖော့ (Sitthiphop Meesamrit) က ကားအား မတင်စဉ် ကရိန်းလက်တံထိပ်သည် အိမ်ရှေ့ရှိ ဓာတ်ကြိုးနှင့် ချိတ်မိကာ ကရိန်းမောင်းသူထံ လျှပ်စစ်ဓာတ်အား စီးကူးသွားပြီး ရေထဲသို့ လဲကျသွားခဲ့သည်။
အနီးတွင် ရပ်နေသည့် အိမ်ရှင် သနခရစ်က ကရိန်းမောင်းသူအား ဝင်ရောက်ကူညီရန် ကြိုးပမ်းစဉ် ၎င်းပါ ထပ်မံ ဓာတ်လိုက်ကာ ရေထဲသို့ လဲကျသွားခဲ့သည်။
ရေစိုစွတ်မှုနှင့် ရေအနက် မြင့်မားမှုကြောင့် Ruamkatanyu ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘီးမြင့် 4WD ကယ်ဆယ်ရေးယာဉ်များဖြင့် သွားရောက်ခဲ့ရသည်။
အိမ်ရှင် သနခရစ်မှာ အခင်းဖြစ်ပွားရာ ရေထဲ၌ပင် သေဆုံးသွားခဲ့ပြီး၊ ကရိန်းမောင်းသူ သိသီဖော့အား အရေးပေါ် အသက်ရှူနည်း (CPR) ပြုလုပ်၍ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။
ဓာတ်အားလိုင်းများ ပိတ်ပစ်ရန် လျှပ်စစ်ဌာနသို့ ချက်ချင်း အကြောင်းကြားခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ သေဆုံးသူ ၂ ဦးလုံး၏ ရုပ်အလောင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးနိုင်ရန် စက်ကရီနရိုဒင် ဆေးရုံသို့ ပို့ဆောင်ထားသည်။
Source;Thaiger
