ဘန်ကောက် ရေကြီးစဉ် လမ်းမပေါ် Jet Ski စီး၍ လှိုင်းရိုက်ခတ်စေခဲ့သူအား ရဲတပ်ဖွဲ့ ဖမ်းဆီးပြီး တရားရုံးတင် တရားစွဲဆိုမည်

မက္ကဆန် (Makkasan) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဘန်ကောက်မြို့ရှိ ရေကြီးနေသော ဖက်ချဘူရီ လမ်းသစ်ပေါ်တွင် ဂျက်စကီးစီး၍ လှိုင်းများ ရိုက်ခတ်စေကာ ပြည်သူများအား အနှောင့်အယှက် ပေးခဲ့သူ အမျိုးသားတစ်ဦးအား ဖမ်းဆီး အရေးယူလိုက်ပြီး စက်တင်ဘာ ၂၈ ရက်တွင် တရားရုံးသို့ တင်ပို့ သွားမည်ဖြစ်ကြောင်း သိရပါတယ်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယို၌ သံသယရှိသူ အမျိုးသားသည် ရေကြီးနေသော လမ်းပေါ်တွင် ဂျက်စကီးကို အရှိန်ပြင်းစွာ မောင်းနှင်ကာ ကွေ့ပတ်ဆော့ကစားခဲ့သဖြင့် ဖြစ်ပေါ်လာသော ရေလှိုင်းများမှာ လမ်းဘေးရှိ နေအိမ်များနှင့် အဆောက်အအုံများဆီသို့ ရိုက်ခတ်ခဲ့သည်။

ယင်းကဲ့သို့ ပြုလုပ်မှုကြောင့် လမ်းဘေးနေအိမ် ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ကြောင်း Tnews က ဖော်ပြထားသော်လည်း ထိခိုက်မှု ပမာဏ အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

သံသယရှိသူသည် အဆိုပါ ဗီဒီယိုကို ၎င်း၏ ကိုယ်ပိုင် Facebook အကောင့်တွင် “B K K D R I F T” ဟု စာတန်းထိုးကာ တင်ခဲ့ပြီး စက်ဘီးလမ်း၊ ခဲတံတား လှေကားများနှင့် နံရံများဆီသို့ ရေများ စပရေးဖြန်းသကဲ့သို့ စင်းထွက်သွားသည့် ရုပ်သံမှာ ပျံ့နှံ့ခဲ့သည်။

သံသယရှိသူ၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် ဒေသတွင်း ယဉ်ကျေးမှုနှင့် သတိပြုရမည့် အချက်များကို မသိရှိခဲ့ကြောင်း၊ နိုင်ငံခြားသား သူငယ်ချင်းတစ်ဦးက ပူပန်နေရသည့် ရေဘေးသင့် ပြည်သူများ စိတ်ထွက်ပေါက် ရရှိစေရန်အတွက် ပြည်ပတွင် ယခုကဲ့သို့ ပြုလုပ်လေ့ရှိကြောင်း မြှောက်ပင့်ပေးခဲ့သဖြင့် ထိုင်းသူငယ်ချင်းတစ်ဦးနှင့်အတူ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မက္ကဆန်ရဲစခန်းက ပြည်သူများအား အနှောင့်အယှက်ပေးမှု အပါအဝင် ပုဒ်မများဖြင့် တရားစွဲဆိုထားပြီး စက်တင်ဘာ ၂၈ ရက်တွင် တရားရုံးတင်ပို့မည်ဖြစ်သည်။ ထို့ပြင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဂျက်စကီး (Jet Ski) ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပေးရန် တရားရုံးထံ လျှောက်ထားသွားမည်ဖြစ်သည်။

စစ်ဆေးနိုင်ရန် စက်ကရီနရိုဒင် ဆေးရုံသို့ ပို့ဆောင်ထားသည်။

Source;The Nation