ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လမ်ဖုန်း (Lamphun) ခရိုင်၊ သာနန်းတံခါး (Tha Nang Gate) အနီးတွင် ကျင်းပသည့် မီးရှူးမီးပန်း ပြပွဲအတွင်း မီးရှူးမီးပန်း မီးပွားများမှာ ဂက်စ်ဖြည့်ထားသော ဘောလုံးများပေါ်သို့ ကျရောက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၇ ရက် ည ၈:၀၀ နာရီခန့်တွင် သာနန်းတံခါးအနီး ကျင်းပပြုလုပ်သော Vijit Lamphun မီးရှူးမီးပန်း ပွဲတော်၏ တတိယမြောက်ညတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မီးရှူးမီးပန်းများ ပစ်ဖောက်စဉ် အဆိုပါ မီးပွားများမှာ အနီးပတ်ဝန်းကျင်ရှိ ဂက်စ်ဖြည့်ထားသော ဘောလုံးများပေါ်သို့ ပြုတ်ကျခဲ့ရာမှ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပွဲလာပြည်သူများအကြား ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။
အာဏာပိုင်များနှင့် ကူညီရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို ချက်ချင်း ကူညီစောင့်ရှောက်ကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။
Vijit Lamphun ပွဲစီစဉ်သူများက ထိခိုက်ဒဏ်ရာရရှိသူများအတွက် တာဝန်ယူ ထောက်ပံ့ပေးနေပြီး လာမည့် အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်မည့် မီးရှူးမီးပန်း ပြပွဲများတွင် ဘေးအန္တရာယ် ကင်းရှင်းရေး စီမံချက်များကို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
မီးပွားအသေးစားလေးများမှတစ်ဆင့် ဆိုးရွားသော ပေါက်ကွဲမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နိုင်သဖြင့် မီးရှူးမီးပန်း ပစ်ဖောက်သည့် ဧရိယာများအနီးသို့ မီးလောင်လွယ်သော ပစ္စည်းများနှင့် ဂက်စ်ဖောင်းများ ယူဆောင်လာခြင်း မပြုကြရန် သတိပေးထားသည်။
စက်တင်ဘာ ၂၇ ရက် ထိခိုက်မှု ဖြစ်ပွားခဲ့သော်လည်း ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် TAT တို့ ပူးပေါင်းကျင်းပသည့် “VIJIT Thailand @ LAMPHUN” မီးရှူးမီးပန်း ပြပွဲများကို အောက်တိုဘာ ၂၊ ၃၊ ၄ ရက်များတွင် ည ၈:၀၀ နာရီတိုင်း ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
Source;Khaosod
