ထိုင်းနိုင်ငံ၊ ပရာချင်းဘူရီ ခရိုင်၊ သရီမဟာဖိုး (Si Maha Phot) မြို့နယ်ရှိ ဝတ်ဖိုးသောင် (Wat Pho Thong) ဘုန်းကြီးကျောင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလာသဖြင့် အလေးချိန် ကီလိုဂရမ် ၄၀၀ ကျော်ရှိသည့် မိကျောင်းကြီးအား အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်ဗျာ။
စက်တင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်းတွင် ဘုန်းကြီးကျောင်းဝင်းအတွင်း ရေအနက် ၁.၃ မီတာခန့်အထိ မြင့်တက်လာသဖြင့် မိကျောင်းခြံအတွင်း ရေမြုပ်လာသော ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဘုန်းကြီးကျောင်းမှ အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။
ငါးလုပ်ငန်း ဦးစီးဌာန၊ Ruamkatanyu ဖောင်ဒေးရှင်းနှင့် ဒေသခံများ ပူးပေါင်း၍ မိကျောင်း၏ ပါးစပ်နှင့် ခြေထောက်များကို ကြိုးဖြင့် ချည်နှောင်ကာ လမ်းမပေါ်သို့ ထုတ်ယူခဲ့ပြီး၊ ကရိန်းကား အသုံးပြု၍ ယာဉ်ပေါ်သို့ မတင်ကာ ရွှေ့ပြောင်းခဲ့ရသည်။
“နူအာသောင်” (Nuea Thong) ဟု အမည်ပေးထားသော အဆိုပါ မိကျောင်းသည် အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး အလျား ၄ မီတာကျော်ကာ အလေးချိန် ကီလိုဂရမ် ၄၀၀ ကျော် ရှိသည်။
ရေချိန် ဆက်လက်မြင့်တက်လာပါက မိကျောင်းကြီးမှာ ခြံအတွင်းမှ လွတ်မြောက်ပြီး ပရာချင်းဘူရီ မြစ်အတွင်းသို့ ရောက်ရှိသွားမည်ကို ဆရာတော်၊ ဒေသခံများနှင့် အာဏာပိုင်များက စိုးရိမ်ခဲ့ကြသော်လည်း ယခုကဲ့သို့ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့၍ သက်ပြင်းချနိုင်ခဲ့ကြသည်။
မိကျောင်းကြီးအား ရေဘေးလွတ်ကင်းသည့် ကီလိုမီတာ ၂၀ ခန့် အကွာရှိ အခြားတိုက်နယ်မှ ယာယီ ထိန်းသိမ်းရေး စခန်းသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။
Source;The Nation
