ဆေးစွဲတဲ့သားရန်ကပြေးရင်း မျက်မမြင်ဖခင်ဖြစ်သူအား မြောင်းထဲတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိ

ထိုင်းနိုင်ငံ၊ Phetchabun ပြည်နယ်၊ Si Thep ခရိုင်ရှိ မြောင်းတစ်ခုအတွင်း ဇူလိုင်လ ၁၂ ရက်က ရက်အတော်ကြာ ပျောက်ဆုံးနေသည့် မျက်စိတစ်ဖက်ကွယ်နေသော အသက် ၆၀ ကျော်အရွယ် ဖခင်ဖြစ်သူ စိုဖာ ၏ ရုပ်အလောင်းကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သေဆုံးသူ၏ ဇနီးဖြစ်သူ ထွက်ဆိုချက်အရ ၎င်းတို့၏ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူမှာ မူးယစ်ဆေးစွဲနေပြီး အကြမ်းဖက်တတ်သူ ဖြစ်သည်။ ၎င်းက ဖခင်ဖြစ်သူအား ဆေးဖိုးရရန်အတွက် သူတစ်ပါးပစ္စည်းများကို ခိုးယူခိုင်းခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဖခင်ဖြစ်သူမှာ ဇူလိုင် ၇ ရက်ကတည်းက ကြောက်လန့်တကြား ထွက်ပြေးပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ (ဇနီးဖြစ်သူမှာလည်း သားဖြစ်သူ၏ရန်ကြောင့် ဘန်ကောက်သို့ အလုပ်ထွက်လုပ်နေရသူ ဖြစ်သည်)။

ရွာခံတစ်ဦး၏ ပြောကြားချက်အရ စိုဖာ မပျောက်ဆုံးမီက သားဖြစ်သူသည် ၎င်းအား မသန်စွမ်းထောက်ပံ့ကြေးငွေ ထုတ်ယူရန် ဘဏ်သို့ အတင်းအကျပ် လိုက်ပါခေါ်ဆောင်သွားခဲ့သည်။ ၎င်းနောက် နေအိမ်နှင့် ၃ ကီလိုမီတာခန့် ဝေးသော မြောင်းတစ်ခုအတွင်း၌ မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည့် စိုဖာ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။

ကယ်ဆယ်ရေးသမားများ၏ အဆိုအရ သေဆုံးသူ၏ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအချို့ တွေ့ရှိရသော်လည်း မည်သို့ရရှိခဲ့သည်ကို အတည်မပြုနိုင်သေးဘဲ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားသည်။ ကျေးရွာလူကြီးများကမူ စိုဖာသည် မျက်စိမကောင်းသဖြင့် အဆိုပါမြောင်းဆီသို့ တစ်ဦးတည်း ရောက်ရှိရန် မဖြစ်နိုင်ကြောင်းနှင့် လူသတ်မှု ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့အား ထောက်ပြထားသည်။

မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူကမူ ၎င်းအနေဖြင့် ဖခင်ဖြစ်သူကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဖူးကြောင်း၊ ယခင်က ကစားခဲ့သည်များကိုသာ လူများက အထင်မှားခြင်းဖြစ်ကြောင်းနှင့် ဖခင်ဖြစ်သူ မည်သို့သေဆုံးသည်ကို မသိရှိကြောင်း ငြင်းဆိုထားသည်။ လက်ရှိတွင် သီသက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရင်ခွဲစစ်ဆေးချက် အဖြေကို စောင့်ဆိုင်းကာ အမှုအား အနီးကပ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

Source;Thaiger