ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်း၊ အာကုတ္စခ် (Irkutsk) ဒေသရှိ Plagueရောဂါ ကာကွယ်ရေး သုတေသန အင်စတီကျုမှ ဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် အဆိုပါ ကူးစက်ရောဂါနှင့် ထိတွေ့မိသည်ဟု သံသယရှိရသူ လူပေါင်း ၁၈၉ ဦးအား ဆေးဘက်ဆိုင်ရာ အနီးကပ် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် အမျိုးသမီး သုတေသန ဝန်ထမ်းတစ်ဦးသည် မွန်ဂိုလီးယား နယ်စပ်အနီး ရောဂါကူးစက်မှု သတင်းထွက်ပေါ်နေသည့် ဘူရားတီးယား (Buryatia) ဒေသသို့ တာဝန်ဖြင့် ခရီးသွားရောက်ပြီး ပြန်လာအပြီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဘူရားတီးယား သမ္မတနိုင်ငံ အကြီးအကဲ အလက်ဆီ ဆီဒီနော့ဗ် (Alexei Tsydenov) က အဆိုပါ အမျိုးသမီးသည်Plagueရောဂါ ၏ အမျိုးအစားတစ်ခုခုဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ရုရှား ပြည်သူ့ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့ (Rospotrebnadzor) ကမူ အဆိုပါ ဝန်ထမ်းသည် “အကြောင်းအရင်း မသိရသေးသော အဆုတ်ရောင်ရောဂါ” (Pneumonia of unknown etiology) ဖြင့် ဆေးရုံတက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံစစ်ဆေးချက်များအရ သုတေသနပြုလုပ်သည့် ရောဂါပိုးများ မတွေ့ရှိရသေးကြောင်းနှင့် အာကုတ္စခ် ခရိုင်အတွင်း နယ်မြေ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက် ရှိကြောင်း ပြောကြားထားသည်။
အမေရိကန် အိမ်ဖြူတော် တာဝန်ရှိသူများက အဆိုပါ ရုရှားနိုင်ငံအတွင်း ကာလဝမ်း/Plagueရောဂါ သံသယဖြစ်ပွားမှုနှင့် ကွာရန်တင်း ဝင်ရောက်နေရသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်စစ်ဆေးလျက် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ရုရှား ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံမှ အသေးစိတ် မှတ်ချက်ပေး ထုတ်ပြန်ချက်များကို တရားဝင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
Source;CNBC
