ကန်ချနဘူရီရှိ သက်ကြီးရွယ်အိုဂေဟာတွင် ခုတင်များကို သံလှောင်အိမ်ဖြင့် သော့ခတ်ထားသောကြောင့် စုံစမ်းစစ်ဆေး ခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ (Kanchanaburi) ခရိုင်ရှိ သက်ကြီးရွယ်အိုနှင့် ဝေဒနာသည် စောင့်ရှောက်ရေးစခန်း အဆောက်အအုံတစ်ခုအတွင်း လူနာခုတင်များအား သံလှောင်အိမ်ကြီးများဖြင့် သော့ခတ် ပိတ်လှောင်ထားသည့် ရုပ်သံနှင့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သဖြင့် ထိုင်းလူမှုကွန်ရက်နှင့် အာဏာပိုင်များအကြား အံ့အားသင့် ရှော့ခ်ရဖွယ် ဖြစ်ပွားခဲ့ပြီး အရေးပေါ် ဝင်ရောက် စစ်ဆေးလျက် ရှိပါတယ်။

အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ၏ နာမည်ကြီး တီဗီအစီအစဉ်တစ်ခုဖြစ်သည့် Hone Krasae သို့ သွားရောက်၍ ၎င်း၏ သားနှင့် မချွေးမဖြစ်သူတို့က မိမိဆန္ဒမပါဘဲ အဆိုပါ ဂေဟာသို့ ပို့ဆောင်ခဲ့ပြီး ၂ နှစ်ခွဲကျော်တိုင်အောင် မတရား ချုပ်နှောင်ထားခဲ့ကြောင်း အကူအညီ တောင်းခံခဲ့သည်။

အဆိုပါ အမျိုးသမီးက ဂေဟာအတွင်း၌ မိမိအား ရိုက်နှက်တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ဆေးဝါးများ အဓမ္မ တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အစ်မဖြစ်သူထံ လျှို့ဝှက်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ခဲ့သဖြင့် အပြင်သို့ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တိုင်ကြားချက်ရရှိပြီးနောက် ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) မှ ရဲတပ်ဖွဲ့ဝင်များနှင့် Hone Krasae သတင်းအဖွဲ့တို့သည် အဆိုပါ ကန်ချနဘူရီရှိ ဂေဟာသို့ စုံစမ်းစစ်ဆေးရန် သွားရောက်ခဲ့ကြသည်။

အဆောက်အအုံ ပြင်ပ ပတ်လည်တွင် ဓားသွားဆူးကြိုးများ (Concertina razor wire) တပ်ဆင်ထားသည့် သံဇကာ စိစစ်ရုံမက၊ အထဲရှိ သက်ကြီးရွယ်အိုများနှင့် ဝေဒနာသည်များ အိပ်စက်သည့် အခန်းများအတွင်း ခုတင်တစ်ခုစီ၏ ပတ်လည်တွင် သံလှောင်အိမ်များ တပ်ဆင်၍ သော့ခတ်ထားသည်ကို တုန်လှုပ်ဖွယ် တွေ့ရှိခဲ့ကြရသည်။

သက်ကြီးရွယ်အိုများအား ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ကာ သံလှောင်အိမ်များအတွင်း ထည့်သွင်းထားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေပြီး၊ တရားမဝင် ဂေဟာဖွင့်လှစ်ထားခြင်း သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှု မည်သည့်ဥပဒေများနှင့် ငြိစွန်းသည်ကို အသေးစိတ် စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

Source;Khaosod