ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် မိုးတစ်နာရီခန့် မနားတမ်း သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အသီးသီးရှိ လမ်းမကြီးများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ မြို့တော်အတွင်း ကျင်းပနေသည့် သက်သတ်လွတ် အစားအသောက် ပွဲတော်လမ်းဆုံကိုလည်း ရေဝင်ရောက်ကာ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
နံနက် ၁၁:၃၀ နာရီခန့်တွင် မိုးစတင်ရွာသွန်းခဲ့ပြီး ဖူးခက်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်သတ်လွတ်ပွဲတော် (Vegetarian Festival) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် “Vegan Street Food” ပွဲတော် ကျင်းပနေသော ဂျုအီးတုအီး နတ်ကျောင်း (Jui Tui Shrine) ရှေ့ရှိ ရနောင်းလမ်း (Ranong Road) ပေါ်သို့ ရေများ အလျင်အမြန် စီးဝင်လာခဲ့သည်။
ဘန်ကောက်လမ်း (Bangkok Road) နှင့် ကျောက်ဖာ အရှေ့လမ်း (Chaofa East Road) တစ်လျှောက်ရှိ ဒေါဝ်ရွန်း (Dao Rung) ဧရိယာတို့တွင်လည်း လမ်းမများပေါ်၌ ရေများ အချိန်တိုအတွင်း မြင့်တက်လာခဲ့သည်။
ဖူးခက် အာဏာပိုင်များက အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။ခရိုင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး အဖွဲ့က မြို့နယ်ရုံးများ၊ ကျေးရွာလူကြီးများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများအား ရုတ်တရက် တောင်ကျရေကျဆင်းမှု၊ မြေပြိုမှုနှင့် လမ်းမများ ရေကြီးမှုတို့ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရန် ညွှန်ကြားထားသည်။
ပြည်သူများအနေဖြင့် မိုးလေဝသ သတင်းများကို စနစ်တကျ စောင့်ကြည့်ရန်၊ ရေကြီးနေသည့် လမ်းများပေါ်တွင် သွားလာစဉ် ဂရုပြုရန်နှင့် မိုးသည်းထန်နေချိန်အတွင်း အန္တရာယ်ရှိသော မြေနိမ့်ဒေသများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားပါသည်။
Source;Khaosod
