ဆိုင်ယမ် BTS ဓားထိုးမှုတွင် ပါဝင်သည်ဟု သံသယရှိသူ Uthenthawai ကျောင်းသားအား ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီဖြစ်ပြီး အာမခံ ငြင်းပယ်ခံရ

လွန်ခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က ဘန်ကောက်မြို့ ဆိုင်ယမ် (Siam) BTS ဘူတာရုံပေါ်၌ ဖြစ်ပွားခဲ့သော ကျောင်းသားအချင်းချင်း ဓားထိုးမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် အသက် ၂၀ အရွယ် Uthenthawai နည်းပညာတက္ကသိုလ် ကျောင်းသားအား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ရာဇမင်္ဂလာ နည်းပညာတက္ကသိုလ် ( Uthenthawai  နယ်မြေ) မှ အသက် ၂၀ အရွယ် ကျောင်းသား မစ္စတာ ဝိချာခွန် (Vichakorn) ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်နေ့တွင် ဝိချာခွန် အပါအဝင်  Uthenthawai ကျောင်းသားအုပ်စုသည် ၎င်းတို့တွင် အပြစ်မရှိကြောင်း လာရောက်ရှင်းလင်းရန် ပထုံဝမ် ရဲစခန်းသို့ ရောက်ရှိလာခဲ့ရာ၊ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းပါ ဝရမ်းထုတ်ထားသည့် သံသယရှိသူအဖြစ် မှတ်မိသွားသဖြင့် စခန်းအတွင်း၌ပင် ချက်ချင်း ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

လူသတ်ရန် ပူးပေါင်းကြံစည်မှု၊ အများပြည်သူဆိုင်ရာ လမ်းမ/နေရာများတွင် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လက်နက်/ဓား ကိုင်ဆောင်မှုများဖြင့် တရားစွဲဆိုထားသည်။ ရဲတပ်ဖွဲ့က အာမခံပေးရန် ကန့်ကွက်ခဲ့သဖြင့် ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက အာမခံ ငြင်းပယ်ခဲ့သည်။

စက်တင်ဘာ ၇ ရက် နံနက် ၇:၄၅ နာရီခန့်တွင် ဆိုင်ယမ် BTS ဘူတာရုံ၏ ၃ ထပ်မြောက်၌ ခင်းနှီးသည့် ပထုံဝမ် နည်းပညာတက္ကသိုလ် (Pathumwan Institute of Technology) မှ ကျောင်းသား ၂ ဦးနှင့် ထိပ်တိုက်တွေ့ဆုံကာ ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ပထုံဝမ် ကျောင်းသား ၂ ဦး ဓားထိုးခံရပြီး ဒဏ်ရာရရှိခဲ့သည်။

ဝိချာခွန်က CCTV တွင် ပါဝင်သူမှာ ၎င်းဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း ကျောင်းနှစ်ကျောင်းအကြား ရေရှည်ရန်ငြိုးကြောင့် မဟုတ်ဘဲ ရုတ်တရက် တွေ့ဆုံရာမှ ဖြစ်ပွားခဲ့သည့် တစ်ဦးချင်း ကိုယ်ရေးကိုယ်တာ အငြင်းပွားမှုသာဖြစ်ကြောင်း ထွက်ဆိုထားသည်။

အဆိုပါ ရန်ပွဲမှာ ကျောင်းသားနှစ်စုအကြား ထိတွေ့မှုမရှိစေရန် ရဲတပ်ဖွဲ့ဝင် အမြောက်အမြား တာဝန်ချထားသည့်ကြားမှပင် ရဲတပ်ဖွဲ့၏ ရှေ့မှောက်၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source;ThaiPBS