ထိုင်းနိုင်ငံ၊ လော့ပူရီ (Lopburi) ခရိုင်၊ ကုတ်ဆမ်ရောင်း (Khok Samrong) မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးသည် ၎င်း၏ မော်တော်ယာဉ် နံပါတ်ပြားကို အခြေခံ၍ ထီထိုးဝယ်ယူခဲ့ရာမှ ပထမဆုကြီး နှစ်စောင် တိုက်ဆိုင်ကာ ဘတ် ၁၂ သန်း (၁၂,၀၀၀,၀၀၀ ဘတ်) ဆွတ်ခူး၍ သူဌေးမကြီး ဖြစ်လာခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်၊ ညနေ ၅:၀၀ နာရီတွင် အသက် ၃၆ နှစ်အရွယ် မစ္စ အန်းဆာဒါ မန်ချာရိုအန် (Angsada Mancharoen) သည် ကုတ်ဆမ်ရောင်း ရဲစခန်းသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးရေး အရာရှိ ရဲမှူး Phusit Muangmu ထံတွင် ပထမဆု ထီလက်မှတ် နှစ်စောင် (နံပါတ် 011781၊ အစုံနံပါတ် 06 နှင့် 07) ကို တရားဝင် သက်သေခံအဖြစ် သွားရောက် မှတ်တမ်းတင်ခဲ့သည်။
အဆိုပါ ထီလက်မှတ်များကို လွန်ခဲ့သော ၃ ရက်ခန့်က ကုတ်ဆမ်ရောင်းရှိ ကုန်တိုက်တစ်ခုတွင် လုပ်ကိုင်နေသည့် ညီမဖြစ်သူထံမှ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာ ၁၅ ရက် ည ၇:၀၀ နာရီခန့်တွင် ငွေလွှဲပေးချေကာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
မစ္စ အန်းဆာဒါသည် လွန်ခဲ့သော ၄-၅ လခန့်က ကားအသစ် (လေးတံခါးပါ ပစ်ကပ်ကား) ဝယ်ယူခဲ့ပြီးနောက် ယာဉ်နံပါတ်ကို အစွဲပြု၍ ထီထိုးလေ့ရှိသူဖြစ်သည်။ သူမ၏ ကားနံပါတ်မှာ 7871 ဖြင့် ဆုံးသတ်သဖြင့် 871 ပါသော ထီများကို အမြဲဝယ်ယူခဲ့သည်။ သို့သော် ယခုအကြိမ်တွင် 871 ပါသော ထီများ မရှိတော့ဘဲ 781 ပါသော ထီလက်မှတ်များသာ ရှိသဖြင့် နံပါတ်တူ ဂဏန်းများ ပါဝင်နေသောကြောင့် အစားထိုး ဝယ်ယူခဲ့ရာမှ ယခုကဲ့သို့ ကံထူးခဲ့ခြင်း ဖြစ်သည်။
ရရှိလာမည့် ဆုငွေများကို စတုတ္ထတန်းနှင့် သူငယ်တန်း တက်နေသည့် သမီးနှစ်ဦး၏ ပညာရေးအတွက် အဓိက အသုံးပြုသွားမည်ဖြစ်ပြီး၊ ကျန်ငွေများကို ခင်ပွန်းဖြစ်သူ လုပ်ကိုင်နေသော ကြက်တိုက်မွေးမြူရေး လုပ်ငန်းကို ချဲ့ထွင်ရာတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
Source;Thairath
