ကျောင်းသားအား ပြန်ပေးဆွဲဟန်ဆောင်ခိုင်း၍ မိဘများထံ ငွေညှစ်သည့် ကောစင်တာဂိုဏ်းရန်မှ ရဲတပ်ဖွဲ့ ကယ်တင်

ဘန်ကောက်မြို့တွင် ကောစင်တာ ဂိုဏ်း (Call centre gang) ၏ လိမ်လည်လှည့်ဖြားမှုကြောင့် ဘဏ်အကောင့်အတွင်းမှ ဘတ် ၃၆,၀၀၀ ပါသွားသည့်အပြင်၊ မိဘများထံမှ ဘတ် ၂ သိန်း ထပ်မံရရှိရေးအတွက် ပြန်ပေးဆွဲခံထားရဟန်ဆောင်၍ ငွေညှစ်ရန် ခိုင်းစေခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက် (စနေနေ့) တွင် အချိန်မီ ကူညီကယ်တင်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်တွင် အဆိုပါ ကျောင်းသားထံသို့ ဖုန်းကုမ္ပဏီ ဝန်ထမ်းအဖြစ် ဟန်ဆောင်သူတစ်ဦးက ဖုန်းဆက်သွယ်ခဲ့ပြီး၊ ၎င်း၏ မှတ်ပုံတင်နံပါတ်ဖြင့် တရားမဝင် ငွေကြေးခဝါချမှုများ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။ ၁၃ ဂဏန်းပါ မှတ်ပုံတင်နံပါတ်ကို မှန်ကန်စွာ ပြောဆိုနိုင်ခဲ့သဖြင့် ကျောင်းသားမှာ ယုံကြည်သွားခဲ့သည်။

ထို့နောက် ရဲအရာရှိအဖြစ် ဟန်ဆောင်ထားသူ ထံသို့ လွှဲပြောင်းပေးခဲ့ပြီး Telegram “Investigation Room” မှတစ်ဆင့် အပြစ်မရှိကြောင်း သက်သေပြရန်အတွက် အကောင့်အတွင်းရှိ ဘတ် ၃၆,၀၀၀ ကို စစ်ဆေးရန် ခေါင်းစဉ်ဖြင့် လွှဲပြောင်းခိုင်းခဲ့သည်။

စေတနာကြေး ဘတ် ၃၆,၀၀၀ ရရှိသွားပြီးနောက် လိမ်လည်သူများသည် ကျောင်းသားအား နေအိမ်မှ ထွက်ခွာစေကာ ဖယာထိုင်း (Phaya Thai) မြို့နယ်ရှိ နေ့စဉ်ငှား အခန်းတစ်ခန်းသို့ သွားရောက် တည်းခိုခိုင်းခဲ့သည်။ ဖုန်းနံပါတ် ပြောင်းခိုင်းသည့်အပြင် LINE အကောင့်၏ Verification code များကိုပါ တောင်းယူခဲ့သဖြင့် ကျောင်းသား၏ LINE အကောင့်အား အပြည့်အဝ ထိန်းချုပ်သွားခဲ့သည်။

၎င်းတို့က ပညာသင်ဆု လျှောက်ထားရန် ခေါင်းစဉ်ဖြင့် မိဘများထံ ဘတ် ၂ သိန်းမှ ၃ သိန်းအထိ တောင်းခိုင်းခဲ့သည်။ ထို့အပြင် ဖိအားပိုမို ရရှိစေရန်အတွက် အနီရောင် ရေနွေးဖျော်ရည်နှင့် ကော်ဖီတို့ကို ရောစပ်၍ ခန္ဓာကိုယ်နှင့် နံရံများတွင် သွေးစက်များကဲ့သို့ သုတ်လိမ်းခိုင်းကာ ပြန်ပေးဆွဲ နှိပ်စက်ခံနေရသည့် ပုံစံမျိုး ဟန်ဆောင်ခိုင်းခဲ့သည်။

ရရှိထားသော LINE အကောင့်မှတစ်ဆင့် သွေးစွန်းနေသည့် ဓာတ်ပုံများကို မိဘများထံ ပေးပို့ကာ ငွေကြေး အမြန်ဆုံး လွှဲပြောင်းပေးရန် ခြိမ်းခြောက်ခဲ့သည်။

ကျောင်းသား၏ မိဘများသည် သင်တန်းကြေး ပညာသင်ဆု မရှိကြောင်း တက္ကသိုလ်သို့ ဆက်သွယ် စုံစမ်းပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ရဲတပ်ဖွဲ့က တည်နေရာကို စုံစမ်း ခြေရာခံကာ ဖယာထိုင်းရှိ အခန်းအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ရာ လိမ်လည်သူများနှင့် ဖုန်းပြောဆိုနေဆဲ ကျောင်းသားကို အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။

ရဲတပ်ဖွဲ့က အစစ်အမှန် ရဲအရာရှိများသည် မည်သည့်အခါမျှ ငွေလွှဲခိုင်းခြင်း၊ Verification code များ တောင်းယူခြင်းနှင့် မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ခိုင်းခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူများကို ထပ်မံ အသိပေး သတိပေးထားသည်။

Source;ThaiPBS