ဝန်ကြီးချုပ် Sébastien Lecornu က တစ်နိုင်ငံလုံးဆိုင်ရာ အထွေထွေ ညမထွက်ရအမိန့် ထုတ်ပြန်ရန် မရှိသေးသော်လည်း ငြိမ်ဝပ်ပိပြားရေး ပြန်လည် ထိန်းသိမ်းရန်အတွက် ဒေသန္တရ ညမထွက်ရအမိန့်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ပါရီရဲတပ်ဖွဲ့က သတ်မှတ်နေရာများတွင် ည ၈ နာရီမှစ၍ ဆန္ဒပြမှုများကို တားမြစ်ခဲ့ပြီး Place de la Republique နှင့် Les Halles ပတ်ဝန်းကျင်တွင် ည ၁၁ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းမြို့များနှင့် နစ်စ်မြို့တို့တွင်လည်း လူငယ်များနှင့် အသက်မပြည့်သေးသူများအတွက် ညပိုင်း ညမထွက်ရအမိန့်များ ချမှတ်ခဲ့ပြီး မာဆေးလ်မြို့တွင် လူစုလူဝေးနှင့် ဆန္ဒပြမှုများကို အလုံးစုံ ပိတ်ပင်ခဲ့သည်။
အားနည်းသော စီးပွားရေးနှင့် ကြွေးမြီမြင့်တက်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ကျောင်းသား ဆန္ဒပြပွဲများမှတစ်ဆင့် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂,၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိ ၁,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ ဆန္ဒပြသူ တစ်ဦး နှလုံးရပ်၍ သေဆုံးခဲ့သည်။
လက်လီရောင်းချရေး ကုန်သွယ်မှု အသင်းချုပ်၏ အဆိုအရ ဆိုင်ခန်းပေါင်း ၃,၀၀၀ နီးပါးထိခိုက်ပျက်စီးခဲ့ပြီး လုပ်ငန်းရှင်များ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကာ အစိုးရက ထိခိုက်ခံရသည့် လုပ်ငန်းများအတွက် လုပ်အားခ ထောက်ပံ့မှုများကို အင်္ဂါနေ့မှစ၍ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
ဝန်ကြီးချုပ်က မငြိမ်မသက်မှုများအတွက် အစွန်းရောက် လက်ဝဲအုပ်စုများကို စွပ်စွဲခဲ့သော်လည်း သမ္မတလောင်း Jean-Luc Mélenchon က ပြန်လည် ချေပခဲ့သည်။ သမ္မတ Emmanuel Macron က ပြည်ထဲရေးဝန်ကြီး၏ နုတ်ထွက်ခွင့် တောင်းဆိုမှုကို ပယ်ချခဲ့ပြီး လမ်းမများပေါ်ရှိ အတားအဆီးများကို ရှင်းလင်းရန်နှင့် လုံခြုံရေးဆိုင်ရာ ချွတ်ယွင်းချက်များကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
လက်ရှိတွင် ကျောင်းသားများက ဆန္ဒပြပွဲများ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး ပြင်သစ် အလုပ်သမား သမဂ္ဂများက နိုဝင်ဘာ ၅ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်မှုများနှင့် ချီတက်ပွဲ အသစ်များကို ထပ်မံ ပြုလုပ်ရန် ခေါ်ဆိုထားကြသည်။
Source;The Nation
