ဘန်ကောက်ရှိ ‘Purple Line’ မြေအောက်ဥမင်လိုဏ်ခေါင်း ရေယိုစိမ့်မှုဖြစ်ပွား၊ မြေကျွံပြီး အဆောက်အအုံများ ထိခိုက်သဖြင့် လမ်းပိတ်ကာ လူဦးရေ အရေးပေါ်ရွှေ့ပြောင်း

ဘန်ကောက်မြို့၊ ကလောင်ဆန် (Klong San) မြို့နယ်ရှိ ‘Purple Line’ မြေအောက်ရထားလမ်း ဥမင်လိုဏ်ခေါင်းအတွင်း ပြင်းထန်သော ရေယိုစိမ့်မှုတစ်ခု ဖြစ်ပွားခဲ့ရာ၊ မြေပြင်အောက် မီတာ ၃၀ အနက်၌ ဥမင်လိုဏ်ခေါင်း တည်ဆောက်ပုံစနစ် ပျက်စီးပြီး အပေါ်ယံမြေဆီလွှာ ကျွံကျမှု (Soil Subsidence) ဖြစ်ပွားခဲ့သဖြင့် အနီးနားရှိ အဆောက်အအုံများမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းပေးနေရကာ အဓိကလမ်းမကြီးတစ်ခုကိုလည်း ပိတ်ပစ်လိုက်ရပါတယ်။

ဝေါင်ဝီယန်ယိုင် (Wong Wian Yai) အဝိုင်းပတ်အောက်နှင့် ၎င်းနှင့် ဆက်စပ်နေသော ပရာချာသီပုတ်လမ်း (Prachathipok Road) မြေအောက်တွင် ရေယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလောင်ဆန်မြို့နယ် အုပ်ချုပ်ရေးမှူးက အနီးနားရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိလာသဖြင့် ကြာသပတေးနေ့ည (ဇူလိုင် ၉ ရက်) မှစတင်ကာ အဆိုပါ အဆောက်အအုံများအား အသုံးပြုခြင်းကို ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သည်။

ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် (Chadchart Sittipunt) က အခင်းဖြစ်ပွားရာ မီတာ ၃၀ ပတ်လည်အတွင်းရှိ ရေယိုစိမ့်မှု၊ မြေပြင်အဆင့်နှင့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို အနီးကပ် စောင့်ကြည့်နေပြီး ဘေးသင့်ပြည်သူများကို ရွှေ့ပြောင်းပေးထားသည်။ ၎င်းအပြင် ရထားလိုင်းပိုင်ရှင် MRTA အား ဒုက္ခသည်များအတွက် ယာယီခိုလှုံရာနေရာများ စီစဉ်ပေးရန် ညွှန်ကြားထားသည်။

ယခု ရေယိုစိမ့်သည့် ဥမင်လိုဏ်ခေါင်းသည် ပြီးခဲ့သည့်နှစ်က ဒူးဆစ် (Dusit) မြို့နယ်၊ ဆမ်ဆန်လမ်း (Sam Sen Road) တွင် ဖြစ်ပွားခဲ့သည့်Sinkhole ပြိုကျမှုတွင် ပါဝင်ခဲ့သော လိုင်းအစိတ်အပိုင်းတစ်ခုပင် ဖြစ်ကြောင်း မြို့တော်ဝန်က အတည်ပြုခဲ့သည်။

မြေအောက်တုန်ခါမှုများကို လျှော့ချရန်အတွက် Prachathipok Road ၏ ဝေါင်ဝီယန်ယိုင် အဝိုင်းပတ်မှ ဘန်ခက် (Ban Khaek) လမ်းဆုံအထိ ကို ယာဉ်သွားလာခွင့် လုံးဝပိတ်ပင်ထားသည်။ ၎င်းကြောင့် ဘန်ကောက်ဘတ်စ်ကားလိုင်း (BMTA) က အဆိုပါလမ်းကို ဖြတ်သန်းသည့် ဘတ်စ်ကားလိုင်း ၅ လိုင်း၏ လမ်းကြောင်းများကို ပြောင်းလဲပြေးဆွဲပေးနေရသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနက ပြည်သူများထံ အရေးပေါ် မက်ဆေ့ခ်ျများပေးပို့ကာ သတိပေးထားပြီး၊ ခရီးသွားပြည်သူများအနေဖြင့် Isaraparp Road နှင့် Lat Ya Road တို့ကို လမ်းလွှဲအဖြစ် အသုံးပြုကြရန် သို့မဟုတ် မြေပြင်ပိတ်ဆို့မှုကို ရှောင်ရှားရန် BTS မိုးပျံရထားလမ်း ကို အစားထိုး အသုံးပြုကြရန် တိုက်တွန်းထားသည်။

Source;Bangkok Post