ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ Walking Street အနီးတွင် ယာဉ်ကြောပိတ်ဆို့နေစဉ် အမျိုးသမီးတစ်ဦးသည် ကားတံခါးများကို ဖွင့်ရန် ကြိုးပမ်းပြီးနောက် ရွေ့လျားနေသော ကားအမိုးပေါ်သို့ တက်ရောက်ခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁၆ ရက် (သောကြာနေ့) ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါည ၁၀ နာရီခန့်က ထိုင်းအမျိုးသမီးတစ်ဦးသည် ၎င်း၏ ရဲဘော်၊ ချစ်သူနှင့် ကလေးငယ်တို့ လိုက်ပါလာသည့် ကားဖြင့် သွားလာစဉ် အဆိုပါ အမျိုးသမီးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ကားတံခါးများကို သော့ခတ်ထားခဲ့သဖြင့် အဆိုပါ အမျိုးသမီးမှာ ဝင်ရောက်ရန် မတတ်နိုင်ဘဲ ကားမှန်ကို လှမ်းခေါက်ကာ ငိုယိုပြီး တံခါးဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ကားနောက်ဘက်မှနေ၍ ကားအမိုးပေါ်သို့ အတင်းတက်ရောက်ခဲ့သည်။
ဗီဒီယိုဖိုင်တွင် အသက် ၃၆ နှစ်အရွယ် မော်တော်ဆိုင်ကယ် ကူညီကယ်ဆယ်ရေး ယာဉ်မောင်း Kampanat က ဝင်ရောက်လာပြီး အဆိုပါ အမျိုးသမီးအား ကားအမိုးပေါ်မှ ဆွဲချကာ ဘေးကင်းရာ လမ်းဘေးတွင် ထိုင်စေလျက် နှစ်သိမ့်ပေးခဲ့ပြီးနောက် သူမမှာ အဆိုပါနေရာမှ ထွက်ခွာသွားခဲ့သည်။
ကားပေါ်တွင် လိုက်ပါလာသူများက မိသားစု အန္တရာယ်ကင်းကြောင်းနှင့် ကားလည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း ပြောကြားခဲ့ပြီး ကူညီပေးခဲ့သည့် ဆိုင်ကယ်ကယ်ဆယ်ရေးသမားအား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ ဆိုင်ကယ်ကယ်ဆယ်ရေးသမား Kampanat ၏ ပြောကြားချက်အရ အဆိုပါ အမျိုးသမီးသည် အိုးအိမ်မဲ့ တစ်ဦးဖြစ်ဖွယ်ရှိပြီး သူမထံမှ အရက်နံ့ ရရှိခဲ့ကြောင်း၊ ခရီးသွားများနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် တိုက်တွန်းထားသည်။
Source;Thaiger
