ထိုင်း-မြန်မာ နယ်စပ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် ပြည်သူများထံ ကူးစက်သက်ရောက်မှု မရှိစေရန် မြန်မာစစ်ကောင်စီထံ တရားဝင် သတိပေးပြောကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာခူးလ် (Anutin Charnvirakul) က ပြောကြားလိုက်ပါတယ်။
ထိုင်းဘုရင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ သီဟသက် ဖွမ်းကေတေယျာတို့မှတစ်ဆင့် မြန်မာအစိုးရထံ စိုးရိမ်မကင်းဖြစ်မှုကို အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများကိုလည်း ဆင့်ခေါ်၍ တရားဝင် ထပ်မံ သတိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိခိုက်ပျက်စီးမှုအချို့ စတင်ကြုံတွေ့ခဲ့ရသဖြင့် နှစ်နိုင်ငံ အပြစ်မဲ့ ပြည်သူများ၊ အိမ်ခြေများနှင့် ပိုင်ဆိုင်မှုများကို ထိခိုက်မှုမရှိအောင် သတိပြုရန် သတိပေးရခြင်းဖြစ်သည်။
ထိုင်းနယ်စပ်တပ်ဖွဲ့များအား ကင်းလှည့်မှုများနှင့် စစ်ရေး အသင့်ပြင်ဆင်မှုများ တိုးမြှင့်ရန် ညွှန်ကြားထားသော်လည်း၊ ပဋိပက္ခ ပိုမိုကြီးထွားမလာစေရန် တိုက်ရိုက် ထိတွေ့မှုများကို ရှောင်ရှားရန် တပ်ဖွဲ့ဝင်များကို မှာကြားထားသည်။
စစ်ဘေးဒဏ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။ တိုက်ပွဲများ ငြိမ်သက်သွားပါက ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်းစွာ ပြန်လည် ထွက်ခွာနိုင်ရေး စီစဉ်ပေးမည်ဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း အတင်းအဓမ္မ ပြန်လည် တွန်းပို့မည်မဟုတ်ကြောင်း အာမခံခဲ့သည်။
Source;Khaosod
