ထိုင်းနိုင်ငံ၏ အဓိက ဗုဒ္ဓဘာသာ သာသနာရေး နေ့ကြီးရက်ကြီးများတွင် အရက်သေစာ ရောင်းချခွင့်ကို ယေဘုယျအားဖြင့် ဆက်လက် ပိတ်ပင်ထားသော်လည်း၊ ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ သတ်မှတ်ထားသည့် နေရာ ၅ မျိုးတွင် အရက်သေစာ ရောင်းချခွင့်ပြုမည့် ပြင်ဆင်ချက် နည်းဥပဒေအသစ်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
အရက်သေစာ ထိန်းချုပ်ရေး ကော်မတီမှ ထုတ်ပြန်သည့် အဆိုပါ အမိန့်ကြော်ငြာစာကို နိုဝင်ဘာ ၆ ရက်နေ့တွင် ထိုင်းဘုရင့်ဂဇက် (Royal Gazette) ၌ ပုံနှိပ်ဖော်ပြခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှစတင်၍ အတည်ဖြစ်ပါတယ်။ ယခု နည်းဥပဒေအသစ်သည် ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ပါ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို အစားထိုး ပြင်ဆင်လိုက်ခြင်းလည်း ဖြစ်သည်။
ယခင်အတိုင်း ပိတ်ရက် ၅ ရက်ဖြစ်သည့် Makha Bucha၊ Visakha Bucha၊ Asalha Bucha၊ ဝါဆိုလပြည့်နေ့နှင့် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ တို့တွင် အရက်ရောင်းချခွင့် ပိတ်ပင်ထားဆဲဖြစ်သော်လည်း အောက်ပါ နေရာ ၅ မျိုးတွင်မူ ဥပဒေအရ ရောင်းချခွင့်ပြုမည် ဖြစ်သည် –
၁။ နိုင်ငံတကာ လေဆိပ်များ: နိုင်ငံတကာ ခရီးစဉ်များ ပြေးဆွဲနေသည့် လေဆိပ်အတွင်းရှိ ခရီးသည်ဆောင်များ။
၂။ တရားဝင် ဖျော်ဖြေရေးစခန်းများ: သက်ဆိုင်ရာ ဥပဒေအရ လိုင်စင်ရရှိထားသည့် ဖျော်ဖြေရေးစခန်းများ (Entertainment Venues)။
၃။ တရားဝင် ဟိုတယ်များ: ထိုင်းနိုင်ငံ ဟိုတယ်ဥပဒေအရ အသိအမှတ်ပြုထားသည့် ဟိုတယ်များ။
၄။ ခရီးသွားဇုန်များရှိ ဖျော်ဖြေရေးစခန်းပုံစံ နေရာများ: ပြည်ထဲရေးဝန်ကြီး၏ ထောက်ခံချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် ခရီးသွားဇုန်များအတွင်းရှိ ဖျော်ဖြေရေး စခန်းများ။
၅။ နိုင်ငံတကာနှင့် အမျိုးသားအဆင့် ပွဲလွန်ပွဲများ: လူအများအပြား တက်ရောက်သည့် နိုင်ငံတကာနှင့် အမျိုးသားအဆင့် အထူးပွဲတော်များ ကျင်းပရာ နေရာများ (ခရီးသွားနှင့် အားကစားဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ကျန်းမာရေးဝန်ကြီးက အမည်စာရင်း ထုတ်ပြန်ထားသည့် နေရာများ)။
အရက်သေစာ ရောင်းချခွင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းများသည် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စိစစ်မှုများ စနစ်တကျ ပြုလုပ်ရမည်ဖြစ်ပြီး၊ ကလေးသူငယ်များနှင့် လူငယ်များ အရက်သေစာ ရရှိသုံးစွဲမှုကို ထိန်းချုပ်သည့် အစီအမံများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။
Source;The Nation
