ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တနီခရိုင် (Pattani) ရှိ တည်ဆောက်ဆဲ တန်ဖိုးကြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်စက်ရုံ (Solar Power Plant) တစ်ခုအတွင်းသို့ ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်) တနင်္လာနေ့ အာရုဏ်တက်ပိုင်းတွင် အမည်မသိ အကြမ်းဖက်သမားအုပ်စုတစ်စုက အဓမ္မဝင်ရောက်ကာ ဆိုလာပြား သိုလှောင်ရုံအား မီးရှို့ဖျက်ဆီးခဲ့သည့် ရဲတင်းလှသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ယနေ့ နံနက် ၃:၄၅ နာရီဝန်းကျင်တွင် ပတ္တနီခရိုင်၊ ယာရင် (Yaring) မြို့နယ်၊ တာလိုကက်ပိုဆပ်ဒေသ၊ ဘန်သာဖုန်းရွာ (မူး ၄) ရှိ Gunkul Solar Power Generation ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသည့် ဆိုလာစက်ရုံ၏ နောက်ဖေးဘက်မှနေ၍ အကြမ်းဖက်သမားများ လျှို့ဝှက်ဝင်ရောက်ကာ ဆိုလာပြားများ သိုလှောင်ထားသည့် ဂိုဒေါင်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အဆိုပါမီးရှို့မှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း မရှိခဲ့သော်လည်း၊ အဖိုးတန်ဆိုလာပြားများနှင့် စက်ရုံပိုင်ပစ္စည်းများ အမြောက်အမြား ပြင်းထန်စွာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။
သတင်းရရှိပြီးနောက် အမှတ် (၄၂) အထူးအမဲလိုက် ခြေလျင်တပ်ရင်း (42nd Rangers Task Force) က ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စက်ရုံဝန်းကျင်ကို ချက်ချင်း ဝိုင်းဝန်းပိတ်ဆို့ခဲ့သည်။ ထို့ပြင် အဓိက လမ်းမကြီးများနှင့် လမ်းဆုံလမ်းခွများတွင် အရေးပေါ် စစ်ဆေးရေးဂိတ်များ (Checkpoints) ချကာ တရားခံများကို လိုက်လံပိတ်ဆို့ ရှာဖွေနေသည့်အပြင်၊ ဗုံးရှင်းလင်းရေးအဖွဲ့ (EOD) ကလည်း မိုင်း သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများ ရှိမရှိ သေချာစွာ စစ်ဆေးလျက်ရှိသည်။
ထိုင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ (ISOC Region 4) ၏ ထုတ်ပြန်ချက်အရ ဤတိုက်ခိုက်မှုသည် ဒေသခံပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ပေးမည့် သန့်ရှင်းသော စွမ်းအင် (Clean Energy) ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို တမင်သက်သက် ဖျက်ဆီးခြင်းဖြစ်ပြီး၊ ပြည်သူများအကြား ထိတ်လန့်ခြောက်ခြားမှု ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှုတ်ချထားသည်။
အာဏာပိုင်များက ထိုင်းတောင်ပိုင်း နယ်စပ်ခရိုင်များ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် အပြုအမူများ တွေ့ရှိပါက ကာကွယ်ရေးဌာန၏ ၂၄ နာရီ ဟော့လိုင်းဖုန်း ၁၃၄၁ သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားပါတယ်။
Source;Khaosod
