ထိုင်းနိုင်ငံ ကြေးလမ်းသယ်ယူပို့ဆောင်ရေး ဦးစီးဌာန (DLT) သည် နိုင်ငံခြားသားများအတွက် ယာဉ်မောင်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ စာမေးပွဲ မဖြေဆိုရသည့် ကင်းလွတ်ခွင့်များကို ဖျက်သိမ်းခြင်းနှင့် ဗီဇာ သက်တမ်း ၂ နှစ် အနည်းဆုံး ကျန်ရှိရမည်ဆိုသည့် သတ်မှတ်ချက်များ ပါဝင်သော ဥပဒေပြင်ဆင်ချက် မူကြမ်းကို ထုတ်ပြန်ကာ ပြည်သူ့သဘောထား ကောက်ယူလျက် ရှိပါတယ်။
အဆိုပါ မူကြမ်းကို နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ ပြည်သူ့ဆန္ဒ သဘောထားများကို legal.dlt.go.th ဝဘ်ဆိုက်မှတစ်ဆင့် လက်ခံသွားမည်ဖြစ်သည်။
ဆွေးနွေးနေသည့် အဓိက ပြင်ဆင်ချက် ၃ ချက်
၁။ လိုင်စင်ဖြေဆိုမှု ကင်းလွတ်ခွင့် ဖျက်သိမ်းခြင်း:
လက်ရှိတွင် မိခင်နိုင်ငံ၏ ယာဉ်မောင်းလိုင်စင် သို့မဟုတ် နိုင်ငံတကာ ယာဉ်မောင်းလိုင်စင် (IDP) ရှိသူ နိုင်ငံခြားသားများသည် စာတွေ့/လက်တွေ့ စာမေးပွဲများနှင့် သင်တန်းများ မလိုဘဲ ထိုင်းလိုင်စင် လျှောက်ထားနိုင်သော်လည်း၊ မူကြမ်းအရ မူရင်းလိုင်စင်ရှိသူ ဖြစ်ပါစေ သင်တန်းနှင့် စာမေးပွဲများ မဖြစ်မနေ ဖြေဆိုရမည် ဖြစ်သည်။
၂။ ဗီဇာ သက်တမ်း ၂ နှစ် ကျန်ရှိရမည့် သတ်မှတ်ချက်:
ယာယီ ၂ နှစ် သက်တမ်းရှိ ထိုင်းယာဉ်မောင်းလိုင်စင် လျှောက်ထားရာတွင် ဗီဇာ သက်တမ်း အနည်းဆုံး ၂ နှစ် ကျန်ရှိနေရမည်ဖြစ်သည် (သို့မဟုတ် DLT မှ သီးခြားသတ်မှတ်မည့် တည်ဆဲ စည်းကမ်းချက်များနှင့် ကိုက်ညီရမည်)။ သို့သော် ရေတို ဗီဇာ သက်တမ်းတိုးဖြင့် နေထိုင်သူများအတွက် ကင်းလွတ်ခွင့် ပြု မပြုကိုမူ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသေးပေ။
၃။ စာမေးပွဲများကို ကြေးလမ်းသယ်ယူပို့ဆောင်ရေး ရုံးများ၌သာ ဖြေဆိုရမည်:
ပြင်ပ ယာဉ်မောင်းသင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နိုင်သော်လည်း၊ နိုင်ငံခြားသားများအတွက် စာတွေ့/လက်တွေ့ စာမေးပွဲများကိုမူ အစိုးရ၏ ကြေးလမ်းသယ်ယူပို့ဆောင်ရေး ခရိုင်/မြို့နယ်ရုံးများ သို့မဟုတ် ဘန်ကောက်ရှိ ရုံးခွဲ ၅ ခု၌သာ မဖြစ်မနေ ဖြေဆိုရမည် ဖြစ်သည်။
⚠️ လက်ရှိ အခြေအနေနှင့် သတိပြုရန်
ယခု ပြင်ဆင်ချက်များသည် မူကြမ်းအဆင့်သာ ရှိသေးပြီး အတည်ပြု ပြဋ္ဌာန်းခြင်း မရှိသေးသဖြင့် လက်ရှိ လျှောက်ထားမှု လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်နိုင်ဆဲ ဖြစ်သည်။ အတည်ပြုမည့် ရက်စွဲကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ထို့အပြင် ယခု မူကြမ်းသည် လိုင်စင် အသစ်လျှောက်ထားသူများအတွက်သာ ရည်ရွယ်ပြီး လိုင်စင် သက်တမ်းတိုးသူများနှင့် IDP ဖြင့် ခေတ္တမောင်းနှင်မည့် ကမ္ဘာလှည့် ခရီးသွားများအပေါ် သက်ရောက်မှု ရှိ မရှိကိုမူ ဖော်ပြထားခြင်း မရှိသေးပါ။
Source;Thairath
