ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား ၄.၂ သန်းအနက် ၈၀% နီးပါးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း စာရင်းထုတ်ပြန်

ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများအပေါ် များစွာမှီခိုနေရပြီး၊ လက်ရှိ တရားဝင် အလုပ်လုပ်ခွင့်ပါမစ် ရရှိထားသည့် ရွှေ့ပြောင်းလုပ်သား ၄.၂ သန်းကျော်အနက် ၈၀ ရာခိုင်နှုန်းနီးပါး (၃.၃၃ သန်း) မှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဦးစီးဌာန၏ စက်တင်ဘာလအထိ နောက်ဆုံးရရှိသော စာရင်းအင်းများအရ သိရှိရပါတယ်။

စက်တင်ဘာလအထိ သက်ဝင်လှုပ်ရှားနေသည့် အလုပ်လုပ်ခွင့်ပါမစ် စုစုပေါင်း ၄,၂၂၅,၅၀၃ ခု ရှိသည့်အနက် မြန်မာနိုင်ငံသား ၃.၃၃ သန်းဖြင့် အများဆုံးဖြစ်ပြီး၊ လာအို (၃၆၄,၇၈၅ ဦး)၊ ကမ္ဘောဒီးယား (၂၇၉,၈၅၄ ဦး) နှင့် ဗီယက်နမ် (၁၁,၂၄၆ ဦး) တို့က အစဉ်လိုက် ရပ်တည်နေသည်။

လုပ်သား ၇၉% (၃.၃၄ သန်းခန့်) မှာ အစိုးရအဖွဲ့ (Cabinet) ၏ အထူးအစီအစဉ်ဖြင့် နေထိုင်/အလုပ်လုပ်ခွင့် ရရှိထားသူများဖြစ်ပြီး၊ MOU အစိုးရချင်း သဘောတူညီချက်ဖြင့် ဝင်ရောက်လာသူမှာ ၁၅% (၆၃၇,၀၀၀ ခန့်) သာ ရှိသည်။

ရွှေ့ပြောင်းလုပ်သားများ၏ ၉၀% မှာ ကုန်ထုတ်လုပ်ငန်း (၁.၂ သန်းနီးပါး)၊ ဆောက်လုပ်ရေး (၈၁၇,၀၀၀ ခန့်)၊ လက်လီ/လက်ကား ရောင်းဝယ်ရေး (၆၂၀,၀၀၀ ခန့်) နှင့် စိုက်ပျိုး/မွေးမြူရေး (၄၈၈,၀၀၀ ခန့်) တို့တွင် အခြေခံလုပ်သားများအဖြစ် လုပ်ကိုင်နေကြသည်။

ရွှေ့ပြောင်းလုပ်သား ထက်ဝက်ခန့်သည် ဘန်ကောက်နှင့် အနီးဝန်းကျင် ခရိုင် ၅ ခုတွင် အလုပ်လုပ်ကိုင်နေကြပြီး၊ ဆမုတ်ဆာခွန် (၃၅၈,၅၉၅ ဦး)၊ ချွန်ဘူရီ (၃၁၆,၉၃၆ ဦး) နှင့် ဆမုတ်ပရာကန် (၃၁၃,၄၄၈ ဦး) တို့တွင် အများဆုံး အခြေစိုက်ကြသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ် တာ့ခ် (Tak) ခရိုင်တွင် ပါမစ်ရရှိထားသူ ၇၂,၀၄၂ ဦး ရှိသည့်အနက် ၂,၅၁၆ ဦးမှာ နယ်စပ်ဖြတ်ကျော် နေ့စဉ်/ရာသီအလိုက် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး၊ စစ်ဘေးရှောင် မြန်မာနိုင်ငံသား ၅,၁၁၀ ဦးကိုလည်း ယာယီနေထိုင် အလုပ်လုပ်ခွင့် ပြုထားကြောင်း ဖော်ပြထားပါတယ်။

Source;ThaiPBS