ထိုင်းနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဘန်ကောက်မြို့က ကျောက်ဖရားမြစ်ပေါ်မှာ တနင်္ဂနွေနေ့ညနေက ခရီးသည်တင်လှေသုံးစီး မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ညနေ ၆ နာရီ ၄၃ မိနစ်လောက်က ဘန်ကောက်၊ Bang Kholaem ခရိုင်မှာရှိတဲ့ Wat Ratchasingkhon ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ခရီးသည်မပါဝင်တဲ့ လှေတစ်စီးကနေ စတင်ခဲ့တာပါ။ အဲ့ဒီဆိပ်ကမ်းဟာ ခရီးသွားဧည့်သည်တွေကြား ရေပန်းစားတဲ့ Asiatique The Riverfrontနေရာနဲ့လည်း နီးပါတယ်။ မီးစလောင်ပြီး လေးမိနစ်အတွင်းမှာပဲ အနီးနားက
တခြားလှေနှစ်စီးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်နေချိန်မှာပဲ လှေတွေကို ချည်နှောင်ထားတဲ့ကြိုးတွေ ပြတ်သွားတာကြောင့် မီးလောင်နေတဲ့လှေတွေဟာ မြစ်အလယ်ကို မျောပါသွားခဲ့တယ်လို့လည်း သိရပါတယ်။ မီးသတ်သမားတွေဟာ ည ၇ နာရီ ၂ မိနစ်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ည ၇ နာရီ ၂၅ မိနစ်မှာတော့ လုံးဝငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပြီး ရဲတပ်ဖွဲ့ကတော့ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Source: Bangkok Post