ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်၊ ဆက်တာဟစ် (Sattahip) မြို့နယ်၊ တာဝန်ရွန် ကမ်းခြေ (Tawan Ron Beach) ၌ အသက် ၃၆ နှစ်အရွယ် မြန်မာ ဆောက်လုပ်ရေးလုပ်သားတစ်ဦး အောက်တိုဘာ ၂ ရက်တွင် သေဆုံးလျက် တွေ့ရှိခဲ့ရပြီး အရက်မူးလွန်ပြီး ရေထဲဆင်းရာမှ ရေနစ်သေဆုံးခြင်း ဟုတ်၊ မဟုတ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
နာဂျော့မ်ထီယမ် (Na Jomtien) ကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရွန် ကမ်းခြေတွင် အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ ကမ်းခြေပေါ်တွင် သေဆုံးနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် ကိုနမ် (Nem) အမည်ရှိ မြန်မာဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်ပြီး၊ ၎င်းအား အနက်ရောင်နှင့် အဖြူရောင်စပ် တီရှပ်နှင့် အနက်ရောင် ဘောင်းဘီတို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
ကနဦး ခန္ဓာကိုယ် စစ်ဆေးချက်များအရ အခြားသူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားသည့် လက္ခဏာ သို့မဟုတ် ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရရှိထားသည့် သဲလွန်စများ မတွေ့ရှိရပေ။
စုံစမ်းစစ်ဆေးသူများ၏ ကနဦး သုံးသပ်ချက်အရ သေဆုံးသူသည် အရက်မူးလွန်နေစဉ် ပင်လယ်ရေထဲသို့ ဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆထားသော်လည်း အတိအကျ သေဆုံးရသည့် အကြောင်းအရင်းကိုမူ အတည်မပြုရသေးပေ။
အတိအကျ သေဆုံးသည့် အကြောင်းအရင်းကို ဖော်ထုတ်နိုင်ရန်အတွက် ရုပ်အလောင်းအား ရဲတပ်ဖွဲ့ ဗဟိုဆေးရုံရှိ မှုခင်းဆေးပညာ အင်စတီကျု (Institute of Forensic Medicine) သို့ ပို့ဆောင်၍ အသေးစိတ် အလောင်းခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။
အလောင်းခွဲစိတ် စစ်ဆေးမှု ရလဒ်များ ထွက်ရှိလာပါက သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်လှစ်ခြင်းနှင့် နောက်ဆက်တွဲ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
Source;Thaiger
