ထိုင်းနိုင်ငံ၊ Chachoengsao ခရိုင်၊ Tha Takiap မြို့နယ်အတွင်း အောက်တိုဘာ ၂ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရုတ်တရက် တောင်ကျရေလျှံမှု (Flash floods) စီးဝင်လာခဲ့သဖြင့် ဒေသခံ ပြည်သူများမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ညဉ့်နက်ပိုင်းတွင် အရေးပေါ် လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
အောက်တိုဘာ ၂ ရက် ညနေ ၆:၀၀ နာရီခန့်မှစ၍ အရှိန်ပြင်းထန်သော တောင်ကျရေများ မြို့နယ်အတွင်းသို့ အလျင်အမြန် စီးဝင်လာခဲ့ခြင်းဖြစ်သည်။ရေစီးသန်မှုကြောင့် ရော်ဘာခြံ လုပ်သားများမှာ လမ်းကြောင်းပြတ်တောက်ကာ ပိတ်မိနေခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုဖိုင်များ တင်၍ အရေးပေါ် အကူအညီ တောင်းခံခဲ့ကြရသည်။
ခလောင်တာကရာအို (Khlong Takrao) ကျေးရွာအုပ်စုအတွင်းရှိ အမှတ် (၂၃) သာမနောင်း ကျေးရွာနှင့် အမှတ် (၂၅) ဆမ်ဖရန် ကျေးရွာတို့တွင် ပြင်းထန်သော ရေစီးကြောင်းကြောင့် လမ်းများ ရေတိုက်စား ပျက်စီးခဲ့သည်။
ခလောင်တာကရာအို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းနက် (Boonnak Pornphotthanamas) နှင့် တာဝန်ရှိသူများ၊ ဒေသခံများနှင့် တပ်မတော် အမှတ် (၁၃၀၆) စိုက်ပျိုးရေး/ကင်းထောက်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများအား အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။
ဘန်းနောင်ခါးယန်း (Ban Nong Kha Yang) ဈေးအနီးတွင် ကျေးရွာလူကြီး မမေနာ (Mena Duangsaen) က မြေညှိစက် (Grader) ဖြင့် ရေစီးကြောင်းအား လမ်းလွှဲပေးခဲ့ပြီး ဒေသခံများအား မော်တော်ယာဉ်များနှင့် အဖိုးတန်ပစ္စည်းများကို မြင့်မားသောနေရာများသို့ ရွှေ့ပြောင်းရန်နှင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို အမြန်ဆုံး ဘေးလွတ်ရာသို့ ပို့ဆောင်ရန် တိုက်တွန်းခဲ့သည်။ ရေစီးသန်သည့် လမ်းပိုင်းများကိုလည်း ယာဉ်မျိုးစုံ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့သည်။
ဒေသခံတစ်ဦးဖြစ်သူ ဦးဝိချိုင်း (Wichai Charoensri) က ၎င်းသည် ရေစီးကြောင်းအတွင်း မွေ့ရာကို သယ်ဆောင်ကာ လမ်းသွယ်အတွင်းမှ မီတာ ၃၀၀ ခန့် ရေကူး/လမ်းလျှောက်၍ အရေးပေါ် လွတ်မြောက်အောင် ထွက်ပြေးခဲ့ရကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဒေသခံမှာ လွန်ခဲ့သော ရေကြီးမှုတွင် ပျက်စီးသွားသည့် ရေခဲသေတ္တာနှင့် လျှပ်စစ်ပစ္စည်းများကို ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ယခု ရေထပ်မံကြီးမှုကြောင့် မသုံးရသေးမီ ထပ်မံ ပျက်စီးသွားခဲ့ရကြောင်း ရင်ဖွင့်ခဲ့သည်။
နယ်မြေခံ အာဏာပိုင်များနှင့် ကျေးရွာခေါင်းဆောင်များက ရေဘေးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းထားပြီး အောက်တိုဘာ ၃ ရက်တွင် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိပါသည်။
Source;Thaiger
