ကမ္ဘောဒီးယားမှ Onlineပေါ်တွင် ဖြန့်ဝေခဲ့သည့် ဗီဒီယိုဟာ ဂရိနိုင်ငံက အရေးပေါ်ဆင်းသက်တဲ့ လေယာဉ်ဖြစ်ကြောင်း ထိုင်း JIC ထုတ်ပြန်

ထိုင်း-ကမ္ဘောဒီးယား အခြေအနေဆိုင်ရာ ပူးတွဲသတင်းပြန်ကြားရေးဗဟိုဌာန (JIC) က ကမ္ဘောဒီးယား လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် “ထိုင်းတော်ဝင်လေတပ် (RTAF) မှ F-16 စစ်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့သည်” ဆိုသော ဗီဒီယိုဖိုင်သည် သတင်းမှား (Fake News) သာဖြစ်ကြောင်း ဇူလိုင်လ ၁၃ ရက် (ယနေ့) တွင် တရားဝင်ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကို အချက်အလက်စစ်ဆေးကြည့်ရာ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က ဂရိနိုင်ငံ ၊ Zakynthos လေဆိပ်တွင် ဂရိလေတပ်မှ F-16 Block 52+ Advanced စစ်လေယာဉ်တစ်စီး စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် အရေးပေါ် ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အစစ်အမှန် ဖြစ်သည်။

ယင်းဖြစ်စဉ်အတွင်း ဂရိလေသူရဲမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီး ဒဏ်ရာရရှိမှုမရှိခဲ့ပေ။ ထို့ကြောင့် ၎င်းဗီဒီယိုသည် ထိုင်းလေတပ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

နိုင်ငံခြားဖြစ်စဉ် ဗီဒီယိုကို စာသားအမှားများဖြင့် ပြုပြင်ကာ ထိုင်းလေတပ်ပါဝင်နေသယောင် လုပ်ကြံဖန်တီးထားခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ နယ်စပ်လုံခြုံရေး ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် သတင်းမှားဖြန့်ခြင်းက လူထုကို ထိတ်လန့်စေနိုင်ကြောင်း JIC ညွှန်ကြားရေးမှူးက သတိပေးထားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက နယ်စပ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ ခန့် သေဆုံးကာ ၃ သိန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားပြီး ယင်းစာချုပ်တွင် “နှစ်ဖက်စလုံး သတင်းမှားများနှင့် fake news များ ဖြန့်ဝေခြင်းမပြုရန်” ကတိကဝတ်ပြုထားခြင်းလည်း ပါဝင်သည်။

Source;The Nation