ထိုင်းနိုင်ငံ၊ ကမ်ဖိုင်ဖက် (Kamphaeng Phet) ခရိုင်ရှိ ပြင်ဆင်နေဆဲ တံတားတစ်စင်းပေါ်တွင် သတိပေးဆိုင်းဘုတ်နှင့် အတားအဆီးများ တပ်ဆင်ထားခြင်း မရှိသဖြင့် အိမ်စီးကားတစ်စီး မီတာ ၅ အမြင့်မှ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ဘေးကင်းလုံခြုံရေး လစ်ဟင်းမှုများအပေါ် ပြည်သူများအကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိပါတယ်။
ကြာသပတေးနေ့ညက စမုပရာကန် (Samut Prakan) သို့ ပြန်မည့် ခရီးသွား မိသားစုဝင် ၃ ဦး စီးနင်းလာသော မော်တော်ယာဉ်သည် ပိန်းမြစ် (Ping River) ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ဝမ်ခဲမ် (Wang Kaem) တံတားပေါ်သို့ မီးအလင်းရောင်နှင့် အတားအဆီးများ မရှိသဖြင့် ဝင်ရောက်မောင်းနှင်ခဲ့ရာမှ တံတားပြတ်နေသည့် အစွန်းမှ မီတာ ၅ အမြင့်အောက်ရှိ သဲသောင်ပြင်ပေါ်သို့ ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။
ကားပေါ်ပါလာသည့် ဇနီးမောင်နှံနှင့် ၁၁ နှစ်အရွယ် သားဖြစ်သူတို့မှာ ကံကောင်းစွာဖြင့် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း မော်တော်ယာဉ်မှာ စေျးကြီးစွာ ပျက်စီးခဲ့ရသည်။
ဒေသခံများ၏ အဆိုအရ ဆောက်လုပ်ရေး လုပ်သားများသည် အခင်းမဖြစ်ပွားမီ တစ်ရက်အလိုက တံတားပေါ်ရှိ ယာယီ ဘေးကင်းရေး ကိရိယာများနှင့် သတိပေး အတားအဆီးများကို ပြန်လည်တပ်ဆင်ထားခြင်း မရှိဘဲ ပစ်ထားခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
ဘေးအန္တရာယ် ဖြစ်ပေါ်စေသည့် ပေါ့ဆမှုများအတွက် အိမ်ထောင်ဦးစီးဖြစ်သူ က ရဲစခန်းတွင် တရားစွဲဆိုထားသည်။ ထိုင်းရာဇသတ်ကြီး ဥပဒေအရ ပြည်သူကို အန္တရာယ်ဖြစ်စေသည့် ပေါ့ဆမှုများအတွက် ကန်ထရိုက်တာများသည် ထောင်ဒဏ်နှင့် ဒဏ်ငွေများ ချမှတ်ခံရနိုင်သလို၊ ရာဇဝတ်ကြောင်းနှင့် တရားမကြောင်းအရလည်း လျော်ကြေးတောင်းခံနိုင်ခွင့် ရှိသည်။
အဆိုပါ ဘတ် ၈၄ သန်းတန် တံတားပြင်ဆင်ရေး စီမံကိန်းမှာ လွန်ခဲ့သော ၃ နှစ်ကတည်းက ရေကြီးမှုကြောင့် ပျက်စီးခဲ့ရပြီး ပြန်လည်ပြင်ဆင်ရာတွင် ထပ်မံကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း နခွန်ရက်ချာစီမာတွင် ဆောက်လုပ်ရေး ကရိန်းစက် လဲကျ၍ ရထားကို ထိမှန်ကာ လူ ၃၂ ဦး သေဆုံးခဲ့ဖူးသဖြင့် ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်များ၏ လုံခြုံရေး စံနှုန်းများအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
Source;ThaiPBS
#Mingalarnews #ထိုင်းရောက်ရွှေမြန်မာ #KamphaengPhet #InfrastructureSafety #WangKaemBridge #ThailandAccident #ThailandNews #ထိုင်းသတင်း #မှုခင်းနှင့်မတော်တဆ
