နခွန်ရက်ချာစီမာ၊ ဩဂုတ် ၁၃ (၂၀၂၆) – ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီမာ (ကိုရတ်) ခရိုင်၊ ဒန်ခွန်းထော့ (Dan Khun Thot) မြို့နယ်တွင် ကျင်းပသည့် ဒေသတွင်း ပွဲဈေးတစ်ခု၌ ဩဂုတ် ၁၂ ရက် ဗုဒ္ဓဟူးနေ့ ညပိုင်းက ဓားများနှင့် လက်လုပ် သေနတ်များကို အသုံးပြု၍ အုပ်စုဖွဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ည ၁၀:၃၀ နာရီခန့်တွင် ဖော်ခွန်းထော့ ကျောက်ရုပ်တု (Phor Khun Thot Monument) အနီး ကျင်းပနေသည့် “Chim Shop Chai” စားသောက်ကုန်နှင့် ဈေးရောင်းပွဲတော် ပြီးဆုံး၍ ဆိုင်သိမ်းနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူများ:
-ကျောနှင့် လက်ချောင်းတွင် ဓားဒဏ်ရာရရှိသူ အမျိုးသား ၁ ဦး၊
-ကျောနှင့် ညာဘက်လက်တွင် သေနတ်မှန်သူ အမျိုးသား ၁ ဦး၊
-တစ်ကိုယ်လုံးနှင့် လက်မောင်းတို့တွင် သေနတ်စ ကျရောက်၍ စိုးရိမ်ရသည့် အမျိုးသား ၁ ဦး၊
-ခြေထောက်နှင့် ကျောတွင် သေနတ်စ မှန်သူ အမျိုးသမီး ၁ ဦး၊
-ဘယ်ဘက်လက်မောင်းတွင် သေနတ်မှန်သူ အမျိုးသမီး ၁ ဦး၊
-ကျောကုန်းတွင် သေနတ်ဒဏ်ရာ ၉ ချက် ရရှိသူ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ဆန်းပြား ကူညီရေးအဖွဲ့က ဒဏ်ရာရရှိသူများကို Luang Pho Khun Parisuttho Dan Khun Thot ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ အချို့ကို Maharat Nakhon Ratchasima ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။
မသင်္ကာသူများသည် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအား ခိုးယူရန် ကြိုးပမ်းရာမှ ဆိုင်ကယ်ပိုင်ရှင်နှင့် ပွဲစီစဉ်သူတို့က တွေ့ရှိသွားပြီး ၁ ဦးအား ဝိုင်းဝန်း ဖမ်းဆီးခဲ့သည်။
လွတ်မြောက်သွားသည့် မသင်္ကာသူသည် အပေါင်းအပါများကို ဓား၊ လက်လုပ် သေနတ်တို့ဖြင့် ခေါ်ဆောင်လာပြီး ပွဲဈေးအတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာတွင် မသင်္ကာသူ ၁ ဦးအား ထိန်းသိမ်းနိုင်ခဲ့ပြီး သေနတ်ပစ်ခတ်ထားသည့် သဲလွန်စများ ရှိမရှိ စစ်ဆေးလျက်ရှိသည်။ လွတ်မြောက်နေသည့် ကျန်ရှိသူများကိုလည်း ဆက်လက် လိုက်လံ ဖမ်းဆီးလျက်ရှိသည်။
Source;Khaosod
