ကုသစရိတ် ၅ ဆအထိ သက်သာစေမည့် ထိုင်းနိုင်ငံရဲ့ အဆင့်မြင့် ကင်ဆာကာကွယ်ဆေး စမ်းသပ်မှုပရောဂျက်

ထိုင်းနိုင်ငံသည် ကင်ဆာဝေဒနာရှင်၏ မျိုးဗီဇအချက်အလက်ကို အခြေခံ၍ တစ်ဦးချင်းစီအတွက် သီးသန့်ဒီဇိုင်းထွင် ထုတ်လုပ်ပေးမည့် ကင်ဆာကာကွယ်ဆေး (Personalised Cancer Vaccine) ကို လူသားများနှင့် စတင်စမ်းသပ်သည့် အဆင့် (Human Trials) သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ၎င်းသည် ထိုင်းနိုင်ငံ၏ တိကျဆေးပညာ (Precision Medicine) နှင့် ဇီဝနည်းပညာကဏ္ဍအတွက် ကြီးမားသော ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။

ဤပရောဂျက်ကို ထိုင်းအစိုးရဆေးဝါးလုပ်ငန်းအဖွဲ့ (GPO)၊ စုလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနနှင့် အမေရိကန်အခြေစိုက် Seqker Biosciences အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။

ပုံမှန်ကာကွယ်ဆေးများကဲ့သို့ လူတိုင်းအတွက် အများပြည်သူသုံး ထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ၊ လူနာတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ထဲမှ ကင်ဆာဆဲလ်များကို ထုတ်ယူကာ မျိုးဗီဇ (Genetic Analysis) အသေးစိတ် ခွဲခြမ်းစိပ်ဖြာသည်။ ထို့နောက် ၎င်းလူနာ၏ ကိုယ်ခံအားစနစ်က အဆိုပါကင်ဆာဆဲလ်များကို ပစ်မှတ်ထား တိုက်ခိုက်နိုင်စေရန် လှုံ့ဆော်ပေးမည့် ကာကွယ်ဆေးကို သီးသန့်ဖန်တီးပေးခြင်း ဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ပြုလုပ်နေသည့် အစောပိုင်းလူသား စမ်းသပ်မှုများ၌ ရင်သားကင်ဆာ (Breast Cancer)၊ အစာအိမ်ကင်ဆာ (Gastric Cancer) နှင့် အူမကြီးကင်ဆာ (Colorectal Cancer) ဝေဒနာရှင်များကို အဓိကထား စမ်းသပ်လျက်ရှိသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ဤကဲ့သို့ အဆင့်မြင့်ကင်ဆာကုထုံးများသည် အလွန်စျေးကြီးသဖြင့် သာမန်လူနာများ လက်လှမ်းမမှီကြပေ။ အကယ်၍ ထိုင်းနိုင်ငံတွင် ဤပရောဂျက် အောင်မြင်သွားပါက ပြည်ပနည်းပညာကို လုံးဝအားကိုးစရာမလိုတော့ဘဲ ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်မည်ဖြစ်ရာ ကုသမှုစရိတ်ကို ၄ ဆမှ ၅ ဆခန့်အထိ သက်သာစေမည် ဖြစ်သည်။

ဤကင်ဆာကာကွယ်ဆေးသည် လက်ရှိတွင် စံပြကုထုံးအဖြစ် လူတိုင်းကို ကုသပေးနေခြင်းမဟုတ်ဘဲ လက်တွေ့သုတေသနပြု ဆန်းစစ်ဆဲအဆင့်သာ ရှိသေးသည်။ စမ်းသပ်မှုတွင် ပါဝင်လိုသည့် လူနာများသည် ကင်ဆာအထူးကုဆရာဝန်ကြီးများ သတ်မှတ်ထားသည့် ဆေးဘက်ဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။ စိတ်ဝင်စားသူများအနေဖြင့် ထိုင်းအစိုးရဆေးဝါးလုပ်ငန်းအဖွဲ့ (GPO) ၏ Google Form သို့မဟုတ် တရားဝင် LINE အကောင့်မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source;The Nation