ဆရာဝန်နဲ့ လူချမ်းသာစာရင်းတွေခွဲပြီး Data ရောင်းစားတဲ့ဂိုဏ်းမိ- ဆုံးရှုံးမှု ဘတ် ၂ ဘီလီယံအထိ ရှိနေ

ထိုင်းနိုင်ငံတွင် ဆရာဝန်များ၊ အငြိမ်းစား ဝန်ထမ်းများနှင့် လူချမ်းသာများ အပါအဝင် လူဦးရေ ၉.၆ သန်းကျော် ၏ ကိုယ်ရေးအချက်အလက် (Data) များကို ခိုးယူစုဆောင်းပြီး အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်း (Scammers) များထံ ပြန်လည်ရောင်းချနေသည့် တရားခံ ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းဒုတိယရဲချုပ် Pol Maj Gen Suwat Saengnoom ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့သည် ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်းနှင့် အယုဒ္ဓယ အပါအဝင် ခရိုင် ၁၆ ခုရှိ နေရာ ၂၂ နေရာ ကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၂၁ နှစ်မှ ၅၃ နှစ်အတွင်းရှိ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး (စုစုပေါင်း ၉ ဦး) ကို ဖမ်းဆီးခဲ့သည်။

၎င်းတို့ထံမှ အောက်ပါပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည် –

▪️Laptop နှင့် Desktop ကွန်ပျူတာ ၁၁ လုံး

▪️ဖုန်းဖန်း (Phone Farm) စက်ဘောက်စ် ၁ ခု၊ လက်ကိုင်ဖုန်းနှင့် တက်ဘလက် ၃၁ လုံး

▪️ဆင်းမ်ကတ် (SIM Cards) ၁၁၂ ကတ်နှင့် ဘဏ်စာအုပ် ၁၀ အုပ်

▪️ထိုင်းဘတ်ငွေ ၇၇၅,၀၀၀ လက်ငင်းငွေသား

▪️သေနတ် ၂ လက်နှင့် ကျည်ဆန် ၄၂ တောင့်

ဤဂိုဏ်းသည် ၂၀၂၂ ခုနှစ်ကတည်းကပင် အချက်အလက်များကို စတင်ခိုးယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၉,၆၁၆,၁၉၉ ဦး ၏ Data များနှင့် မှတ်ပုံတင်ကတ်ပြားဓာတ်ပုံ ၄၇၇ ပုံကို လက်ဝယ်ရရှိထားခဲ့သည်။

၎င်းတို့သည် ခိုးယူထားသော အချက်အလက်များကို Cloud စနစ်ပေါ်တွင် သိုလှောင်ထားပြီး ဝယ်ယူမည့် ငွေလိမ်ဂိုဏ်းများနှင့် လောင်းကစားဒိုင်များ အလွယ်တကူကြည့်ရှုနိုင်ရန် ဖိုင်တွဲပေါင်း ၁၀,၀၀၀ ကျော် (ပမာဏ ၁၃.၅ GB) ဖြင့် စနစ်တကျ သိမ်းဆည်းထားသည်။ အထူးသဖြင့် ဖိုင်များကို “ဆရာဝန်များ”၊ “ဆရာ/ဆရာမများ”၊ “လူချမ်းသာများ” နှင့် “အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ” ဟု သတ်မှတ်ပြီး ပစ်မှတ်ထား လိမ်လည်နိုင်ရန် အမျိုးအစား ခွဲခြားထားခြင်း ဖြစ်သည်။

ခိုးယူခံရသည့် မှတ်ပုံတင်အချက်အလက်များသည် လက်ရှိတိုင်ကြားထားသည့် အွန်လိုင်းငွေလိမ်မှုပေါင်း ၁၃,၆၇ မှုနှင့် ကိုက်ညီနေပြီး စုစုပေါင်း နစ်နာဆုံးရှုံးမှုတန်ဖိုး ဘတ် ၂ ဘီလီယံ (ဘီလီယံ ၂,၀၀၀) ခန့် ရှိနေသည်။အစိုးရဝန်ထမ်းအချို့လည်း လိမ်လည်ခံခဲ့ရပြီး ၎င်းတို့၏ ဆုံးရှုံးမှုတန်ဖိုးမှာ ဘတ်သန်း ၃၀၀ ခန့် ရှိသည်။

ထိုင်းဒီဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ဒုတိယဝန်ကြီး Boonthida Somchai က ဤကဲ့သို့ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူအလွဲသုံးစားလုပ်ခြင်းသည် အလွန်ကြီးလေးသော ပြစ်မှုဖြစ်ပြီး ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂါနေ့တွင် သတိပေး ပြောကြားထားပါတယ်။

Source;Bangkok

#Mingalarnews #ThailandDataBreach #CyberCrime #ScamAlert #IdentityTheft