ကော်ဖီနဲ့ လက်ဖက်ရည်ထုပ်ထဲ ဘိန်းဖြူ ၂ ကီလိုကျော် ဝှက်သယ်လာတဲ့ ချင်းရိုင်သူကို ဘန်ကောက်မှာ ONCB ဖမ်းမိ

ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) သည် ဇူလိုင်လ (၃)ရက် မွန်းလွဲ ၁၂:၀၀ နာရီဝန်းကျင်တွင် ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းတစ်ခု၌ ထိုင်ဝမ်နိုင်ငံသို့ ပို့ဆောင်မည့် ကော်ဖီနှင့် ထိုင်းလက်ဖက်ရည်ထုပ်များအတွင်း ဝှက်သယ်လာသည့် အလေးချိန် ၂.၁ ကီလိုဂရမ် (၂,၁၀၀ ဂရမ်) ရှိ ဟီးရိုးအင်း (ဘိန်းဖြူ) များကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ONCB အထွေထွေအတွင်းရေးမှူးချုပ် ရဲမှူး ဆူရီယာ (Pol. Maj. Suriya Singhakamron) ၏ ပြောကြားချက်အရ ထိုင်ဝမ်သို့ မူးယစ်ဆေးဝါးခိုးထုတ်လေ့ရှိသည့် စောင့်ကြည့်စာရင်းဝင် အမြန်ချောပို့ရုံးတွင် အမျိုးသမီးတစ်ဦး လာရောက်ပါဆယ်ပို့စဉ် ပျာပျာသလဲဖြစ်နေသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရာတွင် ကော်ဖီအထုပ်ကြီး ၃ ထုပ်နှင့် ထိုင်းလက်ဖက်ရည် ၁ ထုပ်အတွင်း အနုစိတ်ဝှက်ထားသည့် မူးယစ်ဆေးဝါးအမျိုးအစား ၁ (ဟီးရိုးအင်း) များကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုလှည့်ကွက်သည် ယခင်က စွန့်နမ်းလမ်းသွယ် (Soi Rang Nam) တွင် ဖမ်းမိခဲ့သည့်အမှုနှင့် ပုံစံတူဖြစ်၍ ဂိုဏ်းတစ်ခုတည်း ဖြစ်နိုင်ကြောင်း ယူဆရသည်။

ဖမ်းဆီးခံရသူ အမျိုးသမီး၏ ထွက်ဆိုချက်အရ ၎င်းသည် ချင်းရိုင် (Chiang Rai) ပြည်နယ်တွင် နေထိုင်သူဖြစ်ပြီး၊ အဆိုပါ မူးယစ်ဆေးဝါးဝှက်ထားသည့် ကော်ဖီနှင့် လက်ဖက်ရည်ထုပ်များကို ချင်းရိုင်ဒေသမှတစ်ဆင့် ဘန်ကောက်သို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ၎င်းအား ထိုင်ဝမ်သို့ ပါဆယ်အဖြစ် လာရောက်ပို့ဆောင်ပေးရန်အတွက် ဘတ်ငွေ ၁၀,၀၀၀ သာ သယ်ဆောင်ခအဖြစ် ပေးအပ်ခဲ့ကြောင်း ဝန်ခံထားသည်။

လက်ရှိတွင် အာဏာပိုင်များက အဆိုပါအမျိုးသမီးအား မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူထားပြီး၊ နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်း၏ နောက်ကွယ်မှ စေခိုင်းသူများနှင့် ကွင်းဆက်တရားခံများကို ဖော်ထုတ်နိုင်ရန် အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးနေပါတယ်။

 Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี