ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာ (Nakhon Ratchasima / ကိုရတ်) ပြည်နယ်၊ စီခိူ့ (Si Khiu) မြို့နယ်အတွင်းသို့ သီရိသကေတ (Si Sa Ket) ပြည်နယ်မှ သံဃာတော်အပါး ၆၀ ကျော် ဒေသစာရီ လှည့်လည်ကြွချီ (ဓုတင်ဆောင်) လာစဉ်၊ မကြာသေးမီက မုဒ္ဒဟာန် (Mukdahan) ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကလေးမောင်းသောကား သံဃာတော်များကို ဝင်တိုက်မိသည့် ကြေကွဲဖွယ်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် လုံခြုံရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို အထူးအဆင့်မြှင့်တင် စောင့်ရှောက်ပေးနေပါတယ်ဗျာ။
ဇူလိုင်လ ၄ ရက် (ယနေ့) နံနက် ၆:၀၀ နာရီတွင် သီရိသကေတပြည်နယ်၊ ဒုန်းယန်းဓမ္မဥယျာဉ်ကျောင်းတိုက်မှ သံဃာတော်အပါး ၆၀ ကျော်သည် ကိုရတ်ပြည်နယ်အတွင်းသို့ တရားဒေသနာပြန့်ပွားရေးအတွက်ကြွချီလာခဲ့သည်။ ဒေသခံပြည်သူအများအပြားကလည်း နံနက်အစောပိုင်းကတည်းက လမ်းဘေးဝဲယာတွင် ဆွမ်းလောင်းလှူရန် စောင့်ဆိုင်းကြည်ညိုခဲ့ကြသည်။
လှည့်လည်ကြွချီရာတွင် ပါဝင်သည့် ဆရာတော်တစ်ပါးဖြစ်သော “လူံဖောလွိုင်” က မကြာခင်က ဖြစ်ပွားခဲ့သည့် သံဃာတော်များ ကားတိုက်ခံရသည့်ဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သို့သော်လည်း သံဃာတော်များအနေဖြင့် ဝိနည်းတော်အတိုင်း ဆက်လက်ကြွချီရမည်ဖြစ်၍ လမ်းပေါ်ရှိ ယာဉ်မောင်းများအနေဖြင့် သံဃာတန်းကိုတွေ့ပါက အရှိန်လျှော့မောင်းနှင်ပေးကြရန် မေတ္တာရပ်ခံမိန့်ကြားခဲ့သည်။
ကိုရတ်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နရုန်ဆတ် (Pol. Maj. Gen. Narongsak Promtha) က မုဒ္ဒဟာန်ပြည်နယ် ဖြစ်စဉ်အပြီးတွင် မိမိတို့အနေဖြင့် လုံးဝပေါ့ဆ၍မရတော့ဘဲ သံဃာတော်များ ကြွချီရာလမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေး အထူးမြှင့်တင်ထားကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် ကုန်းတက်ကုန်းဆင်း မတ်စောက်ပြီး သံဃာတော်များ မကြာခဏ ကြွချီလေ့ရှိသည့် ဝမ်နမ်ခေတ် (Wang Nam Khiao)၊ ပတ်ချောင် (Pak Chong)၊ စီခိူ့ (Si Khiu) မြို့နယ်များနှင့် ဥဒုံဆပ် (Udom Sap) တိုက်နယ်တို့တွင် လမ်းဦးစီးဌာန၊ ယဉ်ကျေးမှုဌာနတို့နှင့် ပူးပေါင်းကာ ယာဉ်ထိန်းရဲများဖြင့် လမ်းရှင်းပေးခြင်း၊ ယာဉ်မောင်းများကို အချက်ပြသတိပေးခြင်းများ ပြုလုပ်နေသည်။ရဲတပ်ဖွဲ့ဝင်များက သံဃာတော်များအား လမ်းဘေးအစွန်းဆုံးမှ ကပ်၍ ကြွချီပေးပါရန် လျှောက်ထားတောင်းပန်ထားသည်။
ခရိုင်ရဲတပ်ဖွဲ့မှူးက မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ သားသမီးလူငယ်များကို ကား၊ ဆိုင်ကယ်များ မောင်းနှင်ခွင့်မပြုရန်နှင့် ဥပဒေအရ သတ်မှတ်အသက်ပြည့်ပြီး လိုင်စင်ရှိသူများသာ မောင်းနှင်စေရန်၊ ကလေးများကို ကားသော့များ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် ပြင်းထန်စွာ သတိပေးနှိုးဆော်ထားပါတယ်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
