ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ သမိုင်းဝင် Si Phum အုတ်မြို့ရိုး အထက်အနားစွန်းပေါ်သို့ တက်ရောက်ကာ ဓာတ်ပုံရိုက်ကူးခဲ့သည့် နိုင်ငံခြားသူ ခရီးသွား အမျိုးသမီးတစ်ဦး၏ ပြုမူပုံသည် ဒေသခံများ၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းကို ခံနေရပါတယ်ဗျာ။
အဆိုပါ အမျိုးသမီးသည် ချင်းမိုင်၏ အရေးပါသော ရှေးဟောင်း သမိုင်းဝင် မြို့ရိုးထောင့် ၄ ခုအနက် တစ်ခုဖြစ်သည့် Si Phum ထောင့်ရှိ အောက်ခြေမှ ပေအတော်အတန် မြင့်မားသော အုတ်မြို့ရိုးပေါ်သို့ မည်သည့် လုံခြုံရေး အကာအကွယ်မှ မပါဘဲ တွားတက်ကာ ခြေထောက်တွဲလောင်းဆွဲ၍ ထိုင်ကာ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။
လမ်းလျှောက်သူများနှင့် ဒေသခံများက အဆိုပါ ခရီးသွား အမျိုးသမီး ချော်လဲပြုတ်ကျပါက စိုးရိမ်ရသည့် ဒဏ်ရာများရရှိနိုင်ကြောင်းနှင့် ရာစုနှစ်များစွာ သက်တမ်းရှိပြီဖြစ်သော အုတ်ဟောင်းများ ပြုတ်ထွက်ကာ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ခဲ့ကြသည်။
ဒေသခံများက သမိုင်းဝင် အမွေအနှစ် အဆောက်အအုံများပေါ်တက်၍ ဓာတ်ပုံရိုက်ခြင်းမှာ အလွန်မသင့်တော်သည့် ပြုမူပုံဖြစ်ပြီး မြို့ရိုး၏ ကြံ့ခိုင်မှုကိုပါ ထိခိုက်စေနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံများက ရှေးဟောင်းသုတေသန ဌာန၊ ချင်းမိုင် စည်ပင်သာယာရေးအဖွဲ့နှင့် ခရီးသွား ရဲတပ်ဖွဲ့တို့အား အဆိုပါနေရာကို စိစစ်ကြပ်မတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံခြားသား ခရီးသွားများ နားလည်စေရန် အင်္ဂလိပ်နှင့် တရုတ် ဘာသာစကားများပါဝင်သော သတိပေးဆိုင်းဘုတ်များ စနစ်တကျ စိုက်ထူပေးရန် အကြံပြုထားသည်။
အလားတူပင် မြောက်ပိုင်းရှိ သမိုင်းဝင် Wat Pha Lat ကျောင်းတိုက်ကလည်း ခရီးသွားများအနေဖြင့် သန့်ရှင်းမြင့်မြတ်သော ကျောင်းတိုက်ဝင်းအတွင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အပန်းဖြေခြင်းများ ဆက်လက်ပြုလုပ်နေပါက ခရီးသွားများ လာရောက်ခွင့်ကို အပြီးတိုင် ပိတ်သိမ်းသွားမည်ဟု သတိပေးထားသည်။
Source;Thaiger
