ချွန်ဘူရီတွင် မြန်မာလုပ်သားများထံမှ ဘတ် ၁ သိန်း ၇ သောင်းကျော် လိမ်လည်သည့် မြန်မာပွဲစား ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်တွင် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးမည်၊ အလုပ်ရှာဖွေပေးမည်ဟုဆိုကာ မြန်မာလုပ်သား ၂၀ ထံမှ ဘတ် ၁ သိန်း ၇ သောင်းကျော် လိမ်လည်ခဲ့သည့် မြန်မာပွဲစားဂိုဏ်းကို ခေါင်းပုံဖြတ်ခံရသည့် လုပ်သားများက ဥာဏ်ဆင်ဖမ်းဆီးကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံ သွားရောက်လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မြန်မာအမျိုးသမီးတစ်ဦးက ပွဲစားအဖြစ် အဟန်ဆောင်၍ အထောက်အထား စာရွက်စာတမ်း ပြုလုပ်ပေးမည်၊ အလုပ်ရမည်ဟုဆိုကာ ၁ ဦးလျှင် ဘတ် ၈,၅၀၀ နှုန်း ဖြင့် မြန်မာလုပ်သား ၂၀ ထံမှ စုစုပေါင်း ဘတ် ၁၇၀,၀၀၀ (၁ သိန်း ၇ သောင်း) နီးပါး တောင်းခံခဲ့သည်။ သို့သော် ငွေရရှိပြီးနောက် မည်သည့် စာရွက်စာတမ်းနှင့် အလုပ်မှ စီစဉ်ပေးခြင်း မရှိဘဲ လိမ်လည်ခဲ့ခြင်းဖြစ်သည်။

လိမ်လည်ခံလိုက်ရကြောင်း သိရှိပြီးနောက် လုပ်သားများက အကွက်ဆင်ကာ အဆိုပါ ပွဲစားအဖွဲ့ပိုင် ဝန်ထမ်းကြို/ပို့ ကား ၂ စီးကို ငှားရမ်းခဲ့သည်။ ထို့နောက် ယာဉ်မောင်း ၂ ဦးနှင့် ပွဲစားအမျိုးသမီး ပါဝင်သည့် ကားကို ချွန်ဘူရီပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (Job Placement Office) အရှေ့သို့ မောင်းနှင်ခိုင်းပြီး ရောက်ရှိချိန်တွင် အာဏာပိုင်များထံ တိုက်ရိုက် တိုင်ကြားလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်များအရ ငွေလွှဲ အထောက်အထားများနှင့် စာပို့ပြောဆိုထားသည့် မှတ်တမ်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပွဲစား ၃ ဦးစလုံးကို Samed ရဲစခန်းသို့ လွှဲပြောင်းလိုက်သည်။

၁ ဦးက ၎င်း၏ ပြစ်မှုကို ဝန်ခံခဲ့ပြီး တရားမဝင် ပွဲစားလုပ်ငန်း လုပ်ကိုင်မှု၊ “ခွင့်ပြုချက်မရှိဘဲ သတ်မှတ်ထားသော အလုပ်အကိုင်ပြင်ပ လုပ်ကိုင်မှု” ပုဒ်မများဖြင့် အမှုဖွင့်လှစ်ထားသည့်အပြင် ၎င်းတို့ အသုံးပြုခဲ့သည့် ဝန်ထမ်းကြို/ပို့ ပစ်ကပ်ကား ၂ စီးကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းထားသည်။

Source;Ch7HD