ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ ပြေးဆွဲပေးနေသည့် Airport Rail Link စက်ပြင်စခန်းအတွင်းရှိ ရထားလမ်းကြောင်း ပြောင်းလဲသည့်နေရာ (Turnback point) ၌ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပွားခဲ့သဖြင့် ရထားပြေးဆွဲမှုများ ကြန့်ကြာနေကြောင်း ထိုင်းလေဆိပ်များ အများပိုင် ကုမ္ပဏီလီမိတက် (AOT) က ယနေ့နံနက်ပိုင်းတွင် ခရီးသွားပြည်သူများအား အသိပေး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
နည်းပညာ ချို့ယွင်းချက်ကြောင့် ရထားယာဉ်လိုင်း အပြည့်အဝ မပြေးဆွဲနိုင်ဘဲ ၁ နာရီလျှင် ရထား ၁ စီးနှုန်း သာ ယာယီ ပြေးဆွဲပေးနိုင်တော့မည် ဖြစ်သည်။
လေယာဉ်စီးနင်းရန် ခရီးစဉ်ရှိသူများအနေဖြင့် အချိန်ပိုမိုယူ၍ ထွက်ခွာကြရန် သို့မဟုတ် အောက်ပါ အစားထိုး သွားလာရေး နည်းလမ်းများကို အသုံးပြုကြရန် အကြံပြုထားသည်-
▪️တက္ကစီများ (Public Taxis)
▪️Grab အပါအဝင် အက်ပလီကေးရှင်းသုံး ယာဉ်များ
▪️မြို့နယ် လိုင်းကားများ (Public Buses)
▪️လေဆိပ် လီမိုဆင်း ဝန်ဆောင်မှုများ (Airport Limousine Service)
▪️ကိုယ်ပိုင်မော်တော်ယာဉ်များ
သုဝဏ္ဏဘူမိ လေဆိပ်ဘက်မှလည်း ခရီးသည်များ အဆင်ပြေစေရန်အတွက် သင့်တော်သည့် လမ်းကြောင်းများနှင့် အစားထိုး ယာဉ်လိုင်းများဆိုင်ရာ အချက်အလက်များကို ကူညီလမ်းညွှန်ပေးနိုင်ရန် ဝန်ထမ်းများ တာဝန်ချထားပေးထားသည်။
Airport Rail Link ဘက်မှ အဆိုပါ ဖြစ်စဉ်သည် ခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်မှုမရှိကြောင်းနှင့် ဝန်ဆောင်မှုများ အမြန်ဆုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရန် အရေးပေါ် ပြင်ဆင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားထားသည်။ လိုအပ်သည့် သတင်းအချက်အလက်များကိုလည်း Official Facebook Page မှတစ်ဆင့် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
Source;The Nation
