ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၌ ဆောက်လုပ်ရေး လုပ်ခလစာ အပြည့်အဝ မရရှိသဖြင့် မကျေနပ်ရာမှ လုပ်ငန်းအပ်နှံသူ ဆောက်လုပ်ရေး ဆရာကြီးအား အကွက်ဆင် ခေါ်ထုတ်ကာ လည်ပင်းလှီး၍ ရွှေဆွဲကြိုး လုယက်ခဲ့သည့် မြန်မာလုပ်သား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမှုစစ်ဆေးရေးအတွက် အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်၍ ပြစ်မှုကျူးလွန်ပုံ ပြန်လည်သရုပ်ပြခိုင်းခဲ့ပါတယ်။
မဲဆောက်မြို့၊ မဲပကျေးရွာရှိ ငှားရမ်းထားသော အိမ်တစ်အိမ်တွင် အသက် ၂၉ နှစ်အရွယ် သက်လင်းကို (Thet Lin Ko) နှင့် အသက် ၂၅ နှစ်အရွယ် စောမင်းသူ (Saw Min Thui) တို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ “ဆရာစိမ်း” ဟုလူသိများသည့် အသက် ၄၀ ဝန်းကျင် မြန်မာဆောက်လုပ်ရေး ဆရာကြီး ကိုသန်းကြီး (Ko Tan Ji) ဖြစ်သည်။
သက်လင်းကို၏ ထွက်ဆိုချက်အရ မိမိတို့သည် တစ်ရက်လျှင် ဘတ် ၄၅၀ နှုန်းဖြင့် ၈ ရက် လုပ်ကိုင်ခဲ့သော်လည်း ဘတ် ၁,၈၅၀ သာ ရရှိခဲ့ကြောင်း၊ မကြာခဏ တောင်းဆိုသော်လည်း မရှင်းပေးသည့်အပြင် မိသားစုများပါ ခေါက်ဆွဲပြုတ်သာ စားသောက်ရသည်အထိ ဒုက္ခရောက်ခဲ့ရသဖြင့် မကျေနပ်ဘဲလုပ်ခဲ့မိခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် မဲပကျေးရွာရှိ ခြံတစ်ခုတွင် ခြံစည်းရိုးခတ်သည့် အလုပ်ရှိသည်ဟုဆိုကာ ကိုသန်းကြီးအား လိမ်လည်ခေါ်ထုတ်ခဲ့သည်။ ကိုသန်းကြီး ကားဖြင့် ရောက်ရှိလာချိန်တွင် ခြုံပုတ်အတွင်းမှ ချုံခိုတိုက်ခိုက်ခဲ့ပြီး သက်လင်းကို က ဘတ် ၃ ဘာသာ (၃ ကျပ်သားခန့်) လည်ဆွဲရွှေဆွဲကြိုး ကို လုယူရန် ကြိုးစားခဲ့သည်။ ကိုသန်းကြီးက ပြန်လည်ခုခံပြီး ပေါင်ကို ကိုက်လိုက်သဖြင့် မျက်နှာကို ထိုးကြိတ်ခဲ့ကာ စောမင်းသူ က ဓားဖြင့် လည်ပင်းကို ၁၅ စင်တီမီတာခန့် နက်ရှိုင်းစွာ လှီးဖြတ် ၍ ရွှေဆွဲကြိုးအား လုယူပြေးခဲ့ကြသည်။
ကိုသန်းကြီးသည် လည်ပင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိထားသည့်ကြားမှ ကားကို မောင်းနှင်ထွက်ပြေးခဲ့ရာ လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများ၏ ကူညီမှုဖြင့် မဲဆောက်ဆေးရုံသို့ အချိန်မီ ပို့ဆောင်ကုသပေးနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့က တရားခံ မြန်မာလုပ်သား ၂ ဦးအား “ကြိုတင်ကြံစည်မှုဖြင့် လူသတ်ရန် ကြိုးပမ်းမှု”၊ “အသက်အန္တရာယ် ထိခိုက်စေသည့်အထိ စုပေါင်း လုယက်မှု”၊ “လက်နက်ကို အများပြည်သူရှေ့တွင် တရားမဝင် ကိုင်ဆောင်မှု” နှင့် “တရားမဝင် ဝင်ရောက်နေထိုင်မှု” စသည့် ပုဒ်မများစွာဖြင့် ထိရောက်စွာ အရေးယူရန် အမှုဖွင့်လှစ်ထားသည်။
Source; DailyNews
