ဘန်ကောက်၊ ဩဂုတ် ၁ (၂၀၂၆) – ထိုင်းဗဟိုဘဏ် (Bank of Thailand) နှင့် ထိုင်းဘဏ်များအသင်း (Thai Bankers’ Association) တို့သည် လူငယ်များ အွန်လိုင်းလိမ်လည်သူများ၏ သားကောင်ဖြစ်ရခြင်းမှ ကာကွယ်ရန်အတွက် ဘဏ်အကောင့်များမှ e-Money ငွေထုတ်ယူခြင်းနှင့် လွှဲပြောင်းခြင်းများကို အသက်အရွယ်အလိုက် တစ်ရက်လျှင် ဘတ် ၃,၀၀၀ မှ ၁၀,၀၀၀ အထိ ကန့်သတ်မည့် စည်းမျဉ်းသစ်များကို စတင်ကျင့်သုံးရန် သဘောတူညီလိုက်ပါတယ်။
အဆိုပါ နည်းဥပဒေအသစ်ကို ကူးသန်းရောင်းဝယ်ရေး ဘဏ်များ၏ စနစ်ပြင်ဆင်မှု ပြီးစီးမှုအပေါ် မူတည်၍ လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလတွင် စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ကန့်သတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
-အသက် ၁၀ နှစ်မှ ၁၂ နှစ်: တစ်ရက်လျှင် အများဆုံး ဘတ် ၃,၀၀၀ သာ ထုတ်ယူ/လွှဲပြောင်းခွင့် ရှိမည်။
-အသက် ၁၂ နှစ်မှ ၁၅ နှစ်: တစ်ရက်လျှင် အများဆုံး ဘတ် ၅,၀၀၀ သာ ထုတ်ယူ/လွှဲပြောင်းခွင့် ရှိမည်။
-အသက် ၁၅ နှစ်မှ ၁၈ နှစ်: တစ်ရက်လျှင် အများဆုံး ဘတ် ၁၀,၀၀၀ သသာ ထုတ်ယူ/လွှဲပြောင်းခွင့် ရှိမည်။
ဗဟိုဘဏ် တာဝန်ရှိသူ Chayawadee Chai-anant ၏ ပြောကြားချက်အရ အွန်လိုင်းလိမ်လည်သူများသည် လူငယ်များကို ပစ်မှတ်ထားလာကြပြီး ၎င်းတို့၏ ဘဏ်အကောင့်များကို ငွေကြေးခဝါချသည့် “Mule Accounts” အဖြစ် အလွဲသုံးစားလုပ်လာကြသဖြင့် ယခုကဲ့သို့ ကာကွယ်ရေးစနစ်များ ချမှတ်ရခြင်းဖြစ်သည်။
ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် သုံးစွဲသူ လူငယ်များ၏ အကောင့်များနှင့် ပတ်သက်၍ အဆိုပါ ကန့်သတ်ချက်များကို အသက်မဝင်မီ ကြိုတင်အကြောင်းကြားသွားမည်ဖြစ်သည်။
Source;ThaiPBSWorld
