ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ငါးမုန့်ပုံးများ အတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် အထောက်အထားမဲ့ ထိုင်းဘတ်ငွေ ၂၃ သန်းကျော် (၂၃,၀၂၃,၀၀၀ ဘတ်) ကို ထိုင်းအကောက်ခွန်အရာရှိများက ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်။
တာချီလိတ်မြို့သို့ ဦးတည်မောင်းနှင်မည့် မြန်မာလိုင်စင်ရ ကားတစ်စင်းကို နယ်စပ်ဂိတ်တွင် စစ်ဆေးခဲ့ရာ ကားအတွင်းပါရှိသည့် စာထုပ်ကတ်ထူပုံး ၂ ပုံးထဲတွင် ငွေစက္ကူများကို ငါးမုန့်ဘူး/ပုံးများဖြင့် ဖုံးအုပ်ကာ လျှို့ဝှက်သယ်ဆောင်လာခြင်း ဖြစ်သည်။
ကားမောင်းသမားဖြစ်သူ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး၊ ၎င်းအား ထိုင်းနိုင်ငံသုံးငွေကြေးကို တရားဝင်ကြေညာခြင်း သို့မဟုတ် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ပြည်ပသို့ တရားမဝင် မှောင်ခိုထုတ်ယူရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့် အရေးယူထားသည်။
ထိုင်းအာဏာပိုင်များသည် အဆိုပါအဆမတန်များပြားလှသည့် ငွေသားများ၏ ရောက်ရှိရာရင်းမြစ်ကို ဆက်လက်စုံစမ်းနေပြီး၊ ယခုငွေများသည် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများ၊ အွန်လိုင်းရာဇဝတ်မှု (ကျားဖြန့်) ကွန်ရက်များ သို့မဟုတ် အခြားတရားမဝင် မှောင်ခိုဂိုဏ်းများ နှင့် ဆက်နွှယ်မှု ရှိ၊ မရှိကိုပါ အပြင်းအထန် စုံစမ်းစစ်ဆေးနေပါတယ်။
Source;Khaosod
